အာဖဂန်အရှေ့မြောက်ပိုင်း၌ အကြမ်းဖက်သမား ၆,၀၀၀ ကျော် စုရုံးနေဟု တာဂျစ်ကစ္စတန် သတိပေး

အာဖဂန်အရှေ့မြောက်ပိုင်း၌ အကြမ်းဖက်သမား ၆,၀၀၀ ကျော် စုရုံးနေဟု တာဂျစ်ကစ္စတန် သတိပေး

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း၌ အကြမ်းဖက်သမားများကို စုရုံးနေပြီး ဗဟိုအာရှဒေသရှိ ဘာသာရေးအယူဝါဒ လွှမ်းမိုးမှုကင်းသော လူ့အဖွဲ့အစည်းများကို တိုက်ခိုက်ရန် ယင်းကဲ့သို့ စုရုံးနေခြင်းဖြစ်ကြောင်း တာဂျစ်ကစ္စတန်က သတိပေးပြောကြားလိုက်သည်။

ယင်းသည် အာဖဂန်နစ္စတန်၌ တာလီဘန်တို့ အာဏာပြန်ရပြီးနောက်ပိုင်း ဗဟိုအာရှဒေသတွင် အာဖဂန်-ပါကစ္စတန် အကြမ်းဖက်သမားများထံမှ တိုးလာနေသော ခြိမ်းခြောက်မှုက ကာဇက်စတန်နိုင်ငံအတွက်သာမက တာဂျစ်ကစ္စတန်အတွက်ပါ ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်လာနေခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တာဂျစ်ကစ္စတန်သည် အာဖဂန်၏ လက်ရှိတာလီဘန်အစိုးရကို အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။ လက်ရှိအချိန်တွင် ဗဟိုအာရှ သမ္မတနိုင်ငံများနှင့် ယူရေးရှား နိုင်ငံများ၏ တောင်ဘက် နယ်စပ်များအနီး အာဖဂန်နစ္စတန်ထဲတွင် အကြမ်းဖက်သမား ၆,၀၀၀ ကျော် စုဝေးရောက်ရှိနေကြောင်း တာဂျစ်ကစ္စတန်က ပြောသည်။

တာဂျစ်ကစ္စတန်သည် အိန္ဒိယ၏ ပထမဆုံးသော ပြည်ပစစ်အခြေစိုက်စခန်းတစ်ခုကို ယင်းနိုင်ငံတွင် လက်ခံထားရှိထားသည်။

စုပေါင်း လုံခြုံရေးစာချုပ်အဖွဲ့ (CSTO) အဖွဲ့ဝင်နိုင်ငံများ၏ တောင်ပိုင်းနယ်စပ်များအနီး အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းတွင် စစ်သွေးကြွ ၆,၀၀၀ ကျော် ရှိနေသည်ဟု အိန္ဒိယ၏ မဟာမိတ်တစ်ဦးဖြစ်သည့် တာဂျစ်ကစ္စတန်သမ္မတ အမ်မိုမာလီ ရာမွန်က ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက် CSTO ညီလာခံ တက်ရောက်စဉ် ပြောကြားခဲ့သည်။

ထို့ပြင် CSTO နိုင်ငံများ၏ တောင်ပိုင်း နယ်စပ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အာဖဂန် အရှေ့မြောက်ပိုင်းတွင် အကြမ်းဖက်သမားများအတွက် ကမ့်စခန်းများနှင့် လေ့ကျင့်ရေးစင်တာ ၄၀ ကျော် ရှိနေသည်ဟုလည်း ၎င်းက ပြောသွားခဲ့သည်။

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်ရပြီးနောက်ပိုင်းတွင် ယင်းနိုင်ငံမှ သူပုန်များကြောင့် ဗဟိုအာရှသို့ ကူးစက်သက်ရောက်မှုအပေါ် တာဂျစ်ကစ္စတန်သမ္မတ ရာမွန်က အလွန်အမင်း စိုးရိမ်ပူပန်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required