CDM ကျောင်းသားများကို ID ကဒ် ထုတ်ပေးရန် အခြေခံပညာ ကျောင်းသားများရေးရာအဖွဲ့ချုပ် လုပ်ဆောင်နေ

CDM ကျောင်းသားများကို ID ကဒ် ထုတ်ပေးရန် အခြေခံပညာ ကျောင်းသားများရေးရာအဖွဲ့ချုပ် လုပ်ဆောင်နေ

ဇန်နဝါရီလ ၂၀ ရက်

အာဏာသိမ်း စစ်ကောင်စီ လက်ထက်တွင် အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှု (CDM) ပြုလုပ်သော ကျောင်းသူ၊ ကျောင်းသားများနှင့် Non- CDM ကျောင်းသားများကို ခွဲခြား သိရှိစေရန် ရည်ရွယ်ပြီး CDM ID ကတ် ပြုလုပ်ပေးရန် ကြိုးပမ်း နေကြောင်း အခြေခံပညာ ကျောင်းသားများ ရေးရာ အဖွဲ့ချုပ် (အ.က.ရ ဗဟို) က ယမန်နေ့တွင် အသိပေး ထုတ်ပြန်သည်။ 

“ID ကတ်ကို ကိုင်ဆောင်ထားတဲ့ CDM ကျောင်းသားတွေ အနေနဲ့ အရေးတော်ပုံ အောင်ပြီး နောက်ပိုင်း ကာလမှာ Non- CDM ကျောင်းသားတွေထက် ဘယ်နေရာမှာ မဆို ရှေ့တစ်လှမ်း ကြိုရောက်နေဖို့ ရည်ရွယ်ပါတယ်” ဟု အ.က.ရ ဗဟိုက ပြောထားသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဖရိုဖရဲ ဖြစ်ကာ ကျောင်းသူ၊ ကျောင်းသားများနှင့် ဝန်ထမ်းအများအပြား CDM ပြုလုပ်ကြပြီး စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာသိမ်းမှုကို ဆန့်ကျင် ခဲ့ကြသည်။ 

အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်သည့် ဝန်ထမ်း ဦးရေ ၄၁၀,၀၀၀ ကျော် ရှိကြောင်း NUG အစိုးရ၏ စီးပွားရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာ လဆန်းပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

ယခုကဲ့သို့ CDM ID ကတ် ထုတ်ပေးရန် စီစဉ်နေခြင်းသည် Non-CDM ကျောင်းသူ၊ ကျောင်းသား များကို အရေးယူမည့် အစီအစဉ် မဟုတ်ကြောင်းလည်း အခြေခံပညာ ကျောင်းသားများ ရေးရာ အဖွဲ့ချုပ်က ဆိုသည်။ 

CDM ကျောင်းသူ၊ ကျောင်းသားများအား CDM ID ကတ် ထုတ်ပေးမည့် အစီစဉ်ကို ပြည်သူလူထုများက ထောက်ခံမှု ရှိ၊ မရှိ စစ်တမ်း ကောက်ယူသွားမည် ဖြစ်ပြီး ကောက်ယူရရှိသည့် စစ်တမ်းများကို ပညာရေးဝန်ကြီးဌာနထံ တင်ပြကာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

"ယခုကာလတွင် CDM ကျောင်းသားများ၏ လုံခြုံရေးကြောင့် ID ကတ်ကို ထုတ်မပေးသေးဘဲ ID နံပါတ်ကိုသာ အရင်ဆုံး ပေးထားမည်ဖြစ်သည်" ဟု ဆိုသည်။ 

ကျောင်းသူ၊ ကျောင်းသားများ၏ ကောင်းကျိုးအတွက် ရည်ရွယ်ပြုလုပ်သည့် ထိုအစီအစဉ်ကို အခြားသော ကျောင်းသားထု အဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အခြေခံပညာ ကျောင်းသားများ ရေးရာအဖွဲ့ချုပ်က တိုက်တွန်းထားပြီး မကြာမီ စစ်တမ်း ကောက်ယူမှု စတင် သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required