မလေးရှားတွင် အလုပ်သွားရှာမည့် မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၃၁ ဦးကို ထိုင်းတွင် ဖမ်းဆီးရမိ 

မလေးရှားတွင် အလုပ်သွားရှာမည့် မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၃၁ ဦးကို ထိုင်းတွင် ဖမ်းဆီးရမိ 

ဇန်နဝါရီ ၂၀

မလေးရှားတွင် အလုပ်ရရှိမည် မျှော်လင့်ချက်ဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းဝင်ရောက်သူ ၃၁ ဦးကို ထိုင်းနိုင်ငံ ဆောင်ခလာပြည်နယ် ဆာဒါအိုခရိုင်က တောင်ပိုင်းနယ်စပ်အနီးရှိ ရော်ဘာစိုက်ခင်းတွင် ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးရမိကြောင်း ဘန်ကောက်ပို့စ်သတင်း၌ ဖော်ပြသည်။ 

မလေးရှားနယ်စပ်မှ တစ်ကီလိုမီတာခန့်အကွာအဝေးတွင် မြောင်းတစ်ခုအတွင်း ပုန်းအောင်းနေသော ၎င်းတို့ကို ည ဆယ်နာရီခွဲဝန်းကျင်၌ စစ်သား၊ ရဲနှင့် ဌာနေတာဝန်ရှိသူများ ကင်းလှည့်အဖွဲ့က တွေ့ရှိခြင်း ဖြစ်သည်။ 

နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သည့် အားလုံးသော မြန်မာနိုင်ငံသားများဖြစ်ကြသည့် ၎င်းတို့တွင် အမျိုးသားက ၂၅ ဦးနှင့် အမျိုးသမီးက ခြောက်ဦးပါဝင်သည်ဟု စစ်ရေးလုပ်ငန်းစဉ်အဖွဲ့ တပ်မှူး ဗိုလ်မှူး သန်နက်ပွန်က ဆိုသည်။ 

၎င်းတို့အားလုံးကို စစ်ကြောမေးမြန်းရန် ဘာဒန်ဘီဆာရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ယခုဖမ်းဆီးခံရသူများက ရဲအား ပြောရာတွင် ၎င်းတို့သည် မြန်မာနယ်စပ်မြို့ မြဝတီမှ ထွက်ခွာလာကြခြင်းဖြစ်ပြီး အလုပ်ရရှိမည်ဆိုသော မလေးရှားသို့ ဦးတည်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ တက်ခ်ပြည်နယ် မဲဆောက်ခရိုင်အတွင်းက နယ်စပ်ကို တောလမ်းအတိုင်း ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာခြင်းဖြစ်ကာ ဆောင်ခလာရှိ ဟတ်ရိုင်ခရိုင်သို့ ထရပ်ကားဖြင့် ပို့ဆောင်ခံရခြင်းဖြစ်သည်ဟု သိရသည်။ 

ဟတ်ရိုင်တွင် အခြားသော ကားဖြင့် ၎င်းတို့အား ဆာဒါအိုခရိုင်က မလေးရှားနယ်စပ်အနီးတွင် ချပေးခဲ့ခြင်း ဖြစ်ပြီး နယ်စပ်ကို ဖြတ်ရန်အတွက် အကူအညီကို စောင့်ဆိုင်းနေချိန်ဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။ 

စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြားနေရာများတွင် အလုပ်ရရှိမည်ဟု ကတိပေးခံရ၍ အလုပ်ပွဲစားများကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀၀၀ ပေးခဲ့ရသည်ဟု ဆိုသည်။ 

လူမှောင်ခိုကူးသည့် ကွန်ရက်ကို ဖော်ထုတ်နိုင်ရေး ထဲထဲဝင်ဝင် စုံစမ်းထောက်လှမ်းသွားမည်ဟု ရဲက ပြောသည်။ ထိုင်း၊ မလေးရှားနှင့် မြန်မာနိုင်ငံသားများ ယခု လူမှောင်ခိုသွင်းမှု၌ ပါဝင်နေမည်ဟု ရဲက ယူဆထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly