ကိုးလုံးကျည် ထည့်ပစ်ရသည့် Shotgun ထုတ်လုပ်နိုင်ပြီဟု စစ်ကိုင်းအခြေစိုက်အဖွဲ့ ထုတ်ပြန်

ကိုးလုံးကျည် ထည့်ပစ်ရသည့် Shotgun ထုတ်လုပ်နိုင်ပြီဟု စစ်ကိုင်းအခြေစိုက်အဖွဲ့ ထုတ်ပြန်

ဇန်နဝါရီ ၂၀

ကိုးလုံးကျည် ထည့်ကာ ပစ်ခတ်ရသည့် သေနတ် အမျိုးအစား Shotgun ကို ပထမဦးဆုံး အောင်မြင်စွာ ထုတ်လုပ် ပြီးစီးကြောင်း အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်းအခြေစိုက် Special Attacking Force - Upper Burma - SAF က ထုတ်ပြန် ပြောဆိုသည်။ 

နှစ်လကျော်ကြာ အချိန်ယူ လေ့လာ ပြင်ဆင် ထုတ်လုပ်ခဲ့အပြီး ယနေ့တွင် စမ်းသပ်မှု အောင်မြင် ခဲ့ပြီ ဟု SAF ပြန်ကြားရေး တာဝန်ခံက  ယနေ့ ဇန်နဝါရီလ ၂၀ ရက်တွင် ပြောသည်။  

ရရာလက်နက် ဆွဲကိုင် တော်လှန်နေရသော ယခုအချိန်တွင် လက်နက်အင်အား နည်းနေခြင်းက ကြီးမားသည့် စိန်ခေါ်မှု တစ်ခု ဖြစ်လာရာ လက်နက် တီထွင် ထုတ်လုပ်မှု လုပ်ငန်းသည် အခရာ အကျဆုံး ဖြစ်လာခဲ့သည်ဟု SAF တာဝန်ခံက ပြောသည်။ 

“လက်နက်ထုတ်တဲ့ တာဝန်ခံဆိုရင် တစ်နေ့တစ်နေ့ Youtube ကြည့် ထုတ်လုပ်ပုံ အဆင့်ဆင့်ကို လေ့လာ ပစ္စည်းတွေစုနဲ့ နားရတယ်ကို မရှိဘူး။ နှစ်လလောက် ကြာတဲ့အထိ အားစိုက်ပြီး လုပ်ရတယ် “ဟု လက်နက် ထုတ်လုပ်ရာတွင် ကြိုးစားခဲ့ရပုံကို ၎င်းက ရှင်းပြသည်။

Shotgun ထုတ်လုပ်ပြီးသား တစ်လက်လျှင် လက်ရှိတွင် သိန်း ၂၀ ခန့် ကုန်ကျမည် ဖြစ်သော်လည်း ကိုယ်ပိုင် ထုတ်လုပ်နိုင်ခဲ့သည့် အတွက် စရိတ် ငါးသိန်းဝန်းကျင်သာ ကုန်ကျသည်ဟု SAF ပြန်ကြားရေး တာဝန်ခံက ပြောသည်။ 

ယခု ထုတ်လုပ်ထားသည့် လက်နက်သည် ကိုးလုံးကျည် ထည့်ကာ အသင့် ပစ်ခတ်နိုင်သည့် အတွက် တော်လှန်ရေး ရဲဘော်များအတွက် အဆင်ပြေကြောင်းလည်း ၎င်းကပြောသည်။ 

မြေပြင်တွင် တိုက်ပွဲဝင်လျှက်ရှိသည့် ၎င်းတို့အဖွဲ့အား မောင်းပြန် လက်နက် မတပ်ဆင် ပေးနိုင်သေးသည့်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ NUG အား အောက်ပါအတိုင်း မှတ်ချက်ပြု ပြောသည်။ 

“NUG ကိုတော့ အများကြီးတော့ မပြောချင်ပါဘူး။ ကျွန်တော်တို့မှာ လက်နက် မရှိရင် ဆုံးရှုံးရနိုင်တဲ့ အသက်တွေ အများကြီးရှိတယ်။ ဒါကြောင့်ပဲ ကိုယ့်အားကိုယ် ကိုးပြီး ခုလို တီထွင် ထုတ်လုပ် လာရတာပါ၊ NUG က တော်လှန်ရေး တပ်သားတွေ အကုန်လုံးကို လက်နက် တပ်ဆင်တာမျိုး မလုပ်ပေး နိုင်သေးရင်တောင် တစ်ဖွဲ့ကို နည်းနည်းဆီ ပေးထားနိုင်ရင် မဆိုးဘူးပေါ့။ ကျွန်တော်တို့ အဖွဲ့ဆီကိုတော့ NUG က လက်နက်တော့မရသေးဘူး ငွေကြေးကူညီတာတော့ရှိတယ်”  ဟု SAF တာဝန်ခံက ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရက လက်နက်တပ်ဆင်မှု မြန်မြန် ဆောင်ရွက်နိုင်လျှင် တော်လှန်ရေး မြန်မြန် ပြီးမြောက်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly