နွေဦးသူရဲကောင်း ကိုချစ်မင်းသူ၏ ဒုတိယမြောက်ရင်သွေး ရက်၁၀၀ ပြည့်

နွေဦးသူရဲကောင်း ကိုချစ်မင်းသူ၏ ဒုတိယမြောက်ရင်သွေး ရက်၁၀၀ ပြည့်

ဇန်နဝါရီ ၁၉

အာဏာသိမ်းစစ်တပ်က ပစ်ခတ်သဖြင့် ဦးခေါင်းတွင် သေနတ်ထိမှန်ကျဆုံးခဲ့ရသော နွေဦးသူရဲကောင်း ကိုချစ်မင်းသူ၏ ဒုတိယမြောက်ရင်သွေး သမီးငယ်မှာ ဇန်နဝါရီလ ၁၈ ရက်တွင် ရက်၁၀၀ ပြည့် မြောက်ခဲ့ပြီဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူက ဆိုသည်။

ကိုချစ်မင်းသူ၏ ဒုတိယမြောက်သမီးဖြစ်သူကို အမည်ကင်ပွန်းမတပ်ရသေးသော်လည်း မကြာမီ အမည်ပေးရန်ရှိကြောင်းနှင့် လက်ရှိတွင် သမီးငယ်၏ ကိုယ်အလေးချိန်မှာ ခုနစ်ပေါင်ရှိသည်ဟုဆိုသည်။

"သမီးကို မွေးတာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့မှာ မွေးတာပါ။ သောကြာသမီးပါ။ သမီးက သူ့အဖေမျက်နှာ အကျက အစ တူပါတယ်။ နာမည်ပေးဖို့အတွက် တွက်ချက်နေပါတယ်။ အဖေလုပ်သူ နာမည်ပါအောင်လို့တော့ မပေးတော့ပါဘူး။ သူ့တစ်သက်မှာ ကောင်းတဲ့ နာမည်လေးပဲ ပေးလိုက်တော့မယ်။ သားသားတုန်းကလည်း ဒီလိုပဲ ပေးလိုက်တာပါ။ အခက်အခဲတော့ မရှိပါဘူး။ နယ်ဘက်မှာရောက်နေပါတယ်” ဟု ဆိုသည်။

ကိုချစ်မင်းသူ ဇနီးအနေဖြင့် သမီးငယ်အား မမွေးဖွားခင် အချိန်အတွင်း ကလေးဖျက်ချခဲ့ကြောင်း၊ နောက်အိမ်ထောင် ပြုသွားပြီဖြစ်ကြောင်း စသည့် ကောလာဟလများဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်းလည်း ဆိုသည်။

"မိန်းမရယ် ငါ့ကိုခွင့်လွှတ်ပါ။ ဒီနေ့ ငါမထွက်လို့ ငါလို လူတွေများရင် ဒီနိုင်ငံမှာ ဒီမိုကရေစီမရတော့ဘူး” ဟု ဇနီးဖြစ်သူထံ ခွင့်တောင်း၍ ဆန္ဒထုတ်ဖော်ခဲ့သူ နွေဦးတော်လှန်ရေး သူရဲကောင်း ကိုချစ်မင်းသူမှာ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly