စစ်အာဏာရှင် တော်လှန်ရေး အဆင့်တိုင်းတွင် လူထုနှင့်အတူ လက်တွဲတိုက်ပွဲဝင်လျှက်ရှိကြောင်း မြန်မာမွတ်စလင်ကွန်ရက်ဆို

စစ်အာဏာရှင် တော်လှန်ရေး အဆင့်တိုင်းတွင် လူထုနှင့်အတူ လက်တွဲတိုက်ပွဲဝင်လျှက်ရှိကြောင်း မြန်မာမွတ်စလင်ကွန်ရက်ဆို

ဇန်နဝါရီ ၁၉

စစ်အာဏာရှင်တော်လှန်ရေး ခရီးကြမ်းတွင် ကျရာအခန်းကဏ္ဍတော်လှန်ရေးအဆင့်တိုင်း၌ လူထုနှင့်အတူ လက်တွဲတိုက်ပွဲဝင်လျှက်ရှိကြောင်း နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်ကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုထွန်းကြည်က မဇ္စျိမကို ပြောသည်။

“အကြမ်းမဖက် ဆန့်ကျင်အန်တုလို့ရတဲ့ ရရာနည်းမျိုးစုံနဲ့ ကျရာအခန်းကဏ္ဍတွေကနေ ပူးပေါင်းပါဝင် လှုပ်ရှားနေပါတယ်။ စစ်အာဏာရှင်ကို အမြစ်ဖြတ်တိုက်ဖျက်ရေးအတွက် လက်ရှိမှာ CDM လှုပ်ရှားမှုတွေ၊ မြေပြင်ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေနဲ့ အကျဉ်းသားအရေးကိစ္စတွေမှာ ပါဝင် လှုပ်ရှားနေပါတယ်” ဟု ကိုထွန်းကြည်က ရှင်းပြသည်။

လက်ရှိတွင် ကွန်ရက်အနေဖြင့် မဟာမိတ်ဆက်ဆံရေးအခိုင်အမာ တည်ဆောက်နိုင်ရန် CRPH၊ NUG၊ NUCC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ရိုဟင်ဂျာ၊ ကမန် စသည့် လူမျိုးစု အဖွဲ့အစည်းများဖြင့် ချိတ်ဆက်လှုပ်ရှားဆောင်ရွက်သွားမည်ဟုဆိုသည်။

ကွန်ရက်၏နိုင်ငံရေးရည်မှန်းချက် လုပ်ငန်းစဉ်များအနေဖြင့် စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ဖျက်ရေး အပါအဝင် လူနည်းစုအခွင့်အရေးနှင့် လူမျိုးစုအခွင့်အရေးများ တန်းတူညီမျှရရှိရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ပေါ်ပေါက်ရေးတို့အတွက် လက်တွဲတိုက်ပွဲဝင်သွားမည်ဟုဆိုသည်။

ယင်းအပြင် ကွန်ရက်အနေဖြင့် မည်သည့် လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်းတို့၏ လွှမ်းမိုးခြယ်လှယ်မှု တစ်စုံတစ်ရာ မရှိဘဲ အမှီအခိုကင်းသည့်ကွန်ရက်အဖြင့် လွတ်လပ်စွာရပ်တည်သွားမည်ဖြစ်ပြီး တော်လှန်ရေး၏ အန္တိမ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် ပြည်သူလူထုနှင့် အတူတကွ တိုက်ပွဲဝင်သွားမည်ဟုလည်း ဆိုသည်။

ကွန်ရက်ကို နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်ကွန်ရက် အမည်ဖြင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required