ငွေကြေးဖောင်းပွမှု စံချိန်တင်အဆင့်အထိ မြင့်တက်သဖြင့် ယခုနှစ်တွင် သီရိလင်္ကာ ဒေဝါလီခံရဖွယ်ရှိ

ငွေကြေးဖောင်းပွမှု စံချိန်တင်အဆင့်အထိ မြင့်တက်သဖြင့် ယခုနှစ်တွင် သီရိလင်္ကာ ဒေဝါလီခံရဖွယ်ရှိ

သီရိလင်္ကာနိုင်ငံသည် ငွေကြေးဖောင်းပွမှု စံချိန်တင်အဆင့်အထိ မြင့်တက်နေသဖြင့် ၂၀၂၂ ခုနှစ်တွင် ဒေဝါလီခံသွားရနိုင်သည့် ဆိုးရွားသော ဘဏ္ဍာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရသည်ဟု မီဒီယာတစ်ခုက ဖော်ပြသည်။

ယမန်နှစ် သြဂုတ် ၃၀ ရက်က သီရိလင်္ကာအစိုးရသည် နိုင်ငံ၏ငွေကြေးတန်ဖိုး အလွန်အကျွံ ကျဆင်းခဲ့ကာ အစားအသောက်ဈေးနှုန်းများ မြင့်တက်ခဲ့ပြီးနောက် နိုင်ငံ့ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ရပ်ကြေညာခဲ့သည်။

သီရိလင်္ကာသည် ပြီးခဲ့သည့် ၁၀ စုနှစ်၏ အဓိကအပိုင်းအခြားကာလတစ်ခုအတွင်း ဘဏ္ဍာရေးလိုငွေပြမှုနှင့် ကုန်သွယ်မှုလိုငွေပြမှုတို့ကို ဆက်တိုက်ကြုံတွေ့နေရသည်ဟု ဆူဟေးလ်ဂူတေးက Colombo Gazette သတင်းဝက်ဘ်ဆိုက်တွင်ရေးသားထားသည်။ ၂၀၁၄ ခုနှစ်မှစတင်၍ သီရိလင်္ကာ၏ နိုင်ငံခြား ကြွေးမြီပမာဏသည် မြင့်တက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် GDP ၏ ၄၂ ဒသမ ၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။

နိုင်ငံ၏ တစ်စတစ်စတိုးပွားလာသော နိုင်ငံခြားကြွေးမြီသည် ၂၀၁၉ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံရှိပြီး ယင်းသည် ကြွေးမြီဝန်ဆောင်မှုအတွက် နိုင်ငံအပေါ် ကြီးမားသောဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း ဂူတေးကရှင်းပြခဲ့သည်။

ထို့နောက် Standard and Poor's၊ Moody's andFitch အပါအဝင် ခရက်ဒစ် အဆင့်သတ်မှတ်သည့်အေဂျင်စီအများအပြားသည် သီရိလင်္ကာ၏ ခရက်ဒစ်အဆင့်သတ်မှတ်ချက်ကို C မှ B သို့ အဆင့်နှိမ့်ချခဲ့သောကြောင့် International Sovereign Bonds (ISBs) မှတစ်ဆင့် ရန်ပုံငွေရရှိရန် ခက်ခဲစေသည်ဟု ဂူတေးက ဆိုသည်။

သီရိလင်္ကာတွင် ငွေကြေးအကျပ်အတည်းသည် အဓိကအားဖြင့် ဖွံ့ဖြိုးမှုနှုန်းနည်းပါးခြင်းကြောင့်ဖြစ်ပြီး လက်ရှိတွင် ၄ ရာခိုင်နှုန်းရှိကာ ကြီးမားသောကြွေးမြီပြန်ဆပ်ရမည့်တာဝန်များနှင့် အနေအထားသည် ပိုမိုဆိုးရွားလာခြင်းကြောင့်ဖြစ်သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ ရရှိနိုင်သော နိုင်ငံခြား အရန်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံသာ ရှိသော်လည်း လာမည့် ၁၂ လအတွင်း သီရိလင်္ကာအစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတကာ အချုပ်အခြာအာဏာပိုင် ငွေတိုက်စာချုပ်များ ပြန်ဆပ်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အပါအဝင် ပြည်တွင်းနှင့် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံခန့် ပြန်ဆပ်ရမည်ဖြစ်ကြောင်း သတင်း၌ဖော်ပြထားသည်။

သီရိလင်္ကာအတွက် အပြင်းထန်ဆုံး ပြဿနာများထဲမှ တစ်ခုသည် ၎င်း၏ ကြီးမားသော နိုင်ငံခြားကြွေးမြီနှင့် အထူးသဖြင့် တရုတ်နိုင်ငံအတွက် ကြွေးမြီဝန်ဆောင်မှု ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ တရုတ်အား ဒေါ်လာ ၅ ဘီလီယံကျော် အကြွေးတင်နေပြီး အရစ်ကျပေးချေနေသည့် ပြင်းထန်သောဘဏ္ဍာရေးအကျပ်အတည်းကို ဖြတ်တောက်ရန် ယမန်နှစ်က တရုတ်ထံမှနောက်ထပ်ဒေါ်လာ ၁ ဘီလီယံချေးငွေကို ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly