နိုင်ငံ့ခေါင်းဆောင် ၂ ဦးအား အဂတိပုဒ်မ ၅ ခုဖြင့် စစ်ကောင်စီက ထပ်မံတရားစွဲဆို

နိုင်ငံ့ခေါင်းဆောင် ၂ ဦးအား အဂတိပုဒ်မ ၅ ခုဖြင့် စစ်ကောင်စီက ထပ်မံတရားစွဲဆို

ဇန်နဝါရီလ ၁၆ ရက်

နိုင်ငံ့ခေါင်းဆောင် နှစ်ဦးဖြစ်သည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ် ငှားရမ်းသုံးစွဲမှုအား အကြောင်းအရာ ငါးမျိုးခွဲ၍ အဂတိပုဒ်မ ငါးခုဖြင့် စစ်ကောင်စီက ထပ်မံ တရားစွဲဆိုထားကြောင်း တရားရုံးနှင့် နီးစပ်သူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ ကနဦး စွဲဆိုထားသည့် အဂတိအမှု ငါးမှုအပြင် ယခု ထပ်မံစွဲဆိုသည့် အမှု ငါးမှုကြောင့် စုစုပေါင်း အဂတိမှု ၁၀ မှု တရား ရင်ဆိုင်ရန် ရှိနေသည်။

ထို့အပြင် စီးပွားရေး အကြံပေးဖြစ်သူ မစ္စတာရှောင်တာနယ်နှင့် ပူးတွဲ စွဲဆိုခြင်း ခံထားရသော နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ၃-၁(ဂ) အမှုသည်လည်း ရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။

“ပြီးခဲ့တဲ့ သောကြာနေ့ ရုံးချိန်းတုန်းက လွန်ခဲ့တဲ့ နှစ်ပတ်လောက်တည်းက တရားရုံးကို တင်ထားတဲ့ ရဟတ်ယာဉ် ကိစ္စနဲ့ ပတ်သက်တဲ့ အဂတိမှုကို ရှေ့နေကိုယ်စားလှယ် စာတင်ဖို့ ပြောတယ်။ ဒါပေမယ့် လာမည့် သောကြာနေ့ကြမှ တင်မယ်လို့ တရားရုံးကို လျှောက်ထားခဲ့တယ်။ ရဟတ်ယာဉ် ကိစ္စအတွက် တရားစွဲထားတဲ့ အဂတိမှုနဲ့ ပတ်သက်လို့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်တည်းကိုဘဲ သီးခြား စွဲဆိုထားတာ ဖြစ်တယ်။ ရဟတ်ယာဉ်ကို ငှားပြီးတော့ သတ်မှတ်ထားတဲ့ အချိန်တွေထက် အများကြီး လျှော့သုံးတဲ့အတွက် အလကား လေလွင့်သွားတယ်ပေါ့ဗျာ။ နိုင်ငံတော်မှာ နာတယ်ဆိုပြီးတော့ ပေါ့ဗျာ။ ရဟတ်ယာဉ်ကိစ္စကိုဘဲ အကြောင်းအရာ ငါးခုနဲ့ စွဲတာဗျာ။ ရဟတ်ယာဉ် ပြုပြင်တဲ့ ကိစ္စမှာလည်း စိစစ်ခြင်းမရှိလို့ ငွေအပို ကုန်တယ် ပေါ့ဗျာ။ အဲ့ဒီလို အကြောင်းပြချက်လိုမျိုး ငါးခုနဲ့စွဲတာ အဂတိမှုပုဒ်မ (၅၅) တွေနဲ့ဘဲ” ဟု ရှင်းပြသည်။

စစ်ကောင်စီက ထပ်မံစွဲဆိုလိုက်သည့် အဂတိမှု ငါးမှုသည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အတွက် ပထမဆုံး အကြိမ် အဂတိမှုဖြင့် ရင်ဆိုင်ရခြင်း ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူက ဆိုသည်။

အဆိုပါ အဂတိမှုများအတွက် အပတ်စဉ် သောကြာနေ့တိုင်း ရုံးထုတ် ကြားနာမည် ဖြစ်သလို၊ စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ်နှင့် ပတ်သက်၍ ပူးတွဲ စွဲဆိုခံထားရသော လျှို့ဝှက်အက်ဥပဒေ ၃-၁(ဂ)အမှု အတွက်ကိုမူ အပတ်စဉ် ကြာသာပတေးနေ့တိုင်း တရားရင်ဆိုင်ရန် ရှိနေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဆက်လက် တရားရင်ဆိုင်ရန် စုစုပေါင်း အမှု ၁၁ မှု ကျန်ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ကောင်စီက နေပြည်တော် ဇဗ္ဗူသီရိ တရားရုံးတွင် စွဲဆိုထားသော သဘာဝဘေး အမှု နှစ်မှု၊ ဆူပူအောင်လှုံ့ဆော်မှု ၅၀၅(ခ)၊ ပို့ကုန်သွင်းကုန် အမှုနှင့် ဆက်သွယ်ရေး ပုဒ်မအမှု စသည့် ငါးမှုအတွက် ထောင်ဒဏ် အသီးသီး ချမှတ်ထားသည်။

ယင်းအပြင်  စစ်ကောင်စီက သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးအပေါ် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလအတွင်း မဲမသာမှုဆိုင်ရာ စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသော်လည်း လက်ရှိတွင် တရားရုံးသို့ အမှုတွဲ တက်မလာသေးကြောင်း ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required