တီးတိန်မြို့နယ်တွင် စစ်တပ်က ဂျက်လေယာဉ်သုံး၍ လေကြောင်းပစ်ခတ်မှုပြုလုပ်

တီးတိန်မြို့နယ်တွင် စစ်တပ်က ဂျက်လေယာဉ်သုံး၍ လေကြောင်းပစ်ခတ်မှုပြုလုပ်

ဇန်နဝါရီလ ၁၅ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဟိန်ဇိန်ရွာအနီးတွင်ယနေ့ ဇန်နဝါရီလ ၁၅ရက် နေ့လယ် ၂ နာရီ ဝန်းကျင်တွင် စစ်တပ်က ဂျက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူ နှစ်ကြိမ်တိတိပြုလုပ်ခဲ့သော်လည်း မြူများဆိုင်းလာသောကြောင့် လေယာဉ်ပြန်လှည့်သွားကြောင်း ဒေသခံသတင်း အရင်းအမြစ်များထံမှ သိရသည်။ 

ဟိန်ဇိန်ရွာမှ တစ်ဆင့် ကလေး-တီးတိန်လမ်းမအတိုင်း သိုင်းငင်းဘက်သို့ တက်လာသည့်စစ်ကောင်စီတပ်များနှင့် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများ ရှိ‌နေခြင်းကြောင့် လေကြောင်းမှပစ်ကူပေးနေရခြင်း ဖြစ်သည်ဟုလည်း သိရသည်။ 

"ကျွန်တော်တို့ ကြားနေရတာက နေ့လယ် ၁၂ နာရီဝန်းကျင်လောက်မှာ ကလေးတက္ကသိုလ်ဘက်ကနေ ရွာဘက်တွေကို အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်နေကြတာ အချက်နှစ်ဆယ်လောက်ရှိမယ်။ နောက်မကြာဘူး ။ နေ့လယ်  ၂ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နဲ့ ပထမတစ်ခါလာပစ်တာက ၅ ချက်လောက်ရှိမယ်။

နောက်တစ်ခေါက် ထပ်လာပစ်တယ်။  နှစ်ကြိမ်လောက်ပစ်ပြီးတဲ့အချိန်မှာ မြူမှိုင်းတွေ တိုက်လာတော့လေယာဉ်ပြန်လှည့်သွားတယ်"ဟု တိုက်ပွဲဖြစ်ပွားနေသည့် အနီးရှိရွာသားတစ်ဦးမှပြောပြသည်။ 

အဆိုပါ စစ်ကောင်စီတပ်များနှင့် ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်တပ်မှ ပိတ်မိနေသည့် သဘောရှိသဖြင့် လက်နက်ကြီး ပစ်ကူများနှင့် လေကြောင်းအကူယူ၍ တိုက်ခိုက်နေခြင်း ဖြစ်သည်ဟုလည်း စစ်ရေးလေ့လာနေသူများက သုံးသပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required