ကိုဗစ်ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ရန် သန်းနှင့်ချီသော တရုတ်ပြည်သူများ အသွားအလာပိတ်ဆို့ခံရ

ကိုဗစ်ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ရန် သန်းနှင့်ချီသော တရုတ်ပြည်သူများ အသွားအလာပိတ်ဆို့ခံရ

တရုတ်၏ ဆောင်းရာသီအိုလံပစ်ပွဲတော်မတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလို၌ ပြည်နယ် အများအပြားတွင် ရောဂါဖြစ်ပွားမှုကို ဆက်လက်တိုက်ဖျက်နေစဉ် လူသန်းပေါင်းများစွာကို အသွား အလာကန့်သတ်ထားပြီး ဟောင်ကောင်ကလည်း နေရာပေါင်း ၁၅၀ မှ ခရီးသွားများကို ဖြတ်သန်းသွားလာမှု ပိတ်ပင်ထားသည်။

ဇန်နဝါရီ ၁၀ ရက်က ဟဲနန်ပြည်နယ်တွင် ၈၇ ဦး၊ ရှန်းရှီးပြည်နယ်တွင် ၁၃ ဦးနှင့် တီယန်ကျင်းတွင် ၁၀ ဦးအပါအဝင် ပြည်တွင်းကူးစက်မှုအသစ် ၁၁၀ ဦးရှိကြောင်း တရုတ်နိုင်ငံ၏ အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ကူးစက်မှုမြန်သော Omicron မျိုးကွဲ အချို့ ပါဝင်သည့် ဟဲနန်ပြည်နယ်ကူးစက်မှုကြောင့် ဇန်နဝါရီ ၁၀ ရက်ညနေပိုင်းတွင် အန်ယန်းမြို့နေထိုင်သူ ၅ သန်းအား အသွားအလာကန့်သတ်ခဲ့သည်။

အန်ယန်းမြို့ခံများအား အိမ်များ၌နေရန် အမိန့်ထုတ်ထားပြီး လမ်းများပေါ် ကားအသွားအလာကိုလည်း တားမြစ်ထားကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။ မရှိမဖြစ်မဟုတ်သော လုပ်ငန်းများကို ပိတ်ခိုင်းခဲ့သည်။

ဟဲနန်ပြည် ကျန်းကျိုးမြို့၌လည်း စာသင်ကျောင်းများနှင့် မူကြိုကျောင်းများကို ပိတ်ထားပြီး စားသောက်ဆိုင်များ၌ ထိုင်စားခြင်းကိုလည်း တားမြစ်ထားကာ ယူကျိုးမြို့ကိုလည်း အသွားအလာကန့်သတ်ထားဆဲဖြစ်သည်။

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ရှီအန်းမြို့တွင် အသွားအလာကန့်သတ်ထားသည်မှာ တတိယမြောက်ရက်သတ္တပတ်သို့ပင်ရောက်ရှိနေပြီး တောင်ပိုင်းရှိ ရှန်ကျန်းမြို့တွင် အိမ်ရာဝင်းအချို့ကို ပစ်မှတ်ထား ပိတ်ဆို့ခြင်းများကို လုပ်ဆောင်ကာ အုပ်စုလိုက် ရောဂါစမ်းသပ်မှုများ စတင်လျက်ရှိသည်။

တရုတ်နိုင်ငံရှိ မြို့တော်အများအပြားတွင် အမေရိကန်မှ လေကြောင်းခရီးစဉ်များစွာ အပါအဝင် အများပြည်သူနှင့် ခရီးဝေးသွားလာမှုကို လျှော့ချခြင်း သို့မဟုတ် ဆိုင်းငံ့ထားခြင်းများ ပြုလုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly