အာဖဂန်နစ္စတန်၏ပိုင်ဆိုင်မှု ဒေါ်လာ ၁၀ ဘီလီယံနီးပါးကို ထုတ်ပေးရန် တရုတ်က အမေရိကန်ကို တောင်းဆို

အာဖဂန်နစ္စတန်၏ပိုင်ဆိုင်မှု ဒေါ်လာ ၁၀ ဘီလီယံနီးပါးကို ထုတ်ပေးရန် တရုတ်က အမေရိကန်ကို တောင်းဆို

အာဖဂန်နစ္စတန်တွင် အခြေအနေများ လျင်မြန်စွာ ဆက်လက်ဆိုးရွားနေသဖြင့် အမေရိကန်၏ဘဏ်များတွင် ထိန်းချုပ်ထားသော အာဖဂန်နစ္စတန်၏ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံကျော်ကို ထုတ်ပေးရန် တရုတ်က ထပ်မံတောင်းဆိုလိုက်သည်။

အမေရိကန်သည် အာဖဂန်နစ္စတန်၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေအတွက် တစ်နိုင်ငံတည်းသော အပြစ်တင်ထိုက်သူဖြစ်သဖြင့် အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုများကို ပြန်ပေးသင့်ကြောင်း တရုတ် နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေပင်းက ပြောကြားခဲ့သည်။

ဝေပင်းက အာဖဂန်နစ္စတန်အပေါ် အမေရိကန်၏ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန်လည်း တောင်းဆိုခဲ့သည်။

“အမေရိကန်ဟာ အာဖဂန်နစ္စတန်ရဲ့ အကျပ်အတည်းကို စတင်ခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံအနေနဲ့ အခြေအနေကို ဂရုမစိုက်သလိုနဲ့ ပစ်ပယ်မသင့်ပါဘူး။ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုတွေဟာ အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးအခြေအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပိုမိုဆိုးရွားစေပါတယ်။ ကိုယ့်ရဲ့အမှားတွေကို နားလည်ဖို့၊ နိုင်ငံတကာရဲ့ တာဝန်ဝတ္တရားတွေကို နားလည်ဖို့၊ ပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့နဲ့ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ အမေရိကန်ကို တောင်းဆိုလိုက်ပါတယ်” ဟု ဝေပင်း၏ ပြောကြားချက်ကို ကိုးကား၍ Khaama Press ကဖော်ပြသည်။

အာဖဂန်နစ္စတန်၏ပိုင်ဆိုင်မှုများကို ပြန်ပေးရန် တရုတ်က အမေရိကန်အား ယခင်ကလည်း အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် ကျန်းဂျွန်က "အာဖဂန်နစ္စတန်၏ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများကို အမြန်ဆုံး ပြန်ပေးရန် ထပ်မံတောင်းဆိုသည်" ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့ကြောင်းSputnik သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် အာဖဂန်လူဦးရေ၏ ထက်ဝက်သည် ငတ်မွတ်နေပြီး အထူးသဖြင့် အေးခဲနေသော ဆောင်းရာသီက အာဖဂန်နစ္စတန်ကို ရိုက်ခတ်နေသောကြောင့် ရှင်သန်ရန် အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု အစောပိုင်းတွင် Khaama Press က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly