ဘဏ္ဍာရေး အခက်အခဲများနှင့် တာလီဘန်ထံမှ သတင်းရယူမှု ကန့်သတ်ခံရခြင်းတို့တွင် အဆင်မပြေကြောင်း အာဖဂန်မီဒီယာများ ထုတ်ဖော်

By Zee5
14 January 2022
ဘဏ္ဍာရေး အခက်အခဲများနှင့် တာလီဘန်ထံမှ သတင်းရယူမှု ကန့်သတ်ခံရခြင်းတို့တွင် အဆင်မပြေကြောင်း အာဖဂန်မီဒီယာများ ထုတ်ဖော်

အာဖဂန်နစ္စတန်နိုင်ငံ၌ ဒါဇင်နှင့်ချီသော မီဒီယာတာဝန်ရှိသူများသည် ဇန်နဝါရီ ၃ ရက်က ကဘူးလ်မြို့တွင် စုဝေးခဲ့ကြကာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများနှင့် တာလီဘန်ထံမှ သတင်းရယူမှုပိုင်း ကန့်သတ်ခံရမှုတို့နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ခဲ့ကြသည်ဟု Tolo News က ဖော်ပြသည်။

စီးပွားရေးဆိုင်ရာ ပြဿနာများ၊ သတင်းရယူမှုပိုင်း ကန့်သတ်ခံရမှုများနှင့် အမျိုးသမီး သတင်းထောက်များအပေါ် ပိတ်ပင်ကန့်သတ်မှုများက ၎င်းတို့ လက်ရှိအချိန်တွင် ကြုံတွေ့နေရသော အဓိက စိန်ခေါ်မှုများ ဖြစ်သည်ဟု အာဖဂန် မီဒီယာလုပ်ငန်းတာဝန်ရှိသူများက ပြောခဲ့ကြောင်း Tolo News က ဖော်ပြသည်။

အာဖဂန် ပြည်တွင်း မီဒီယာလုပ်ငန်း တာဝန်ရှိများ၏ အဆိုအရ ပြီးခဲ့သည့် ၄ လအတွင်း နိုင်ငံ၏ ပြည်နယ်အသီးသီးတွင် ရေဒီယိုထုတ်လွှင့်မှုဌာန အများအပြားသည် အထက်ဖော်ပြပါ အကြောင်းရင်းပြဿနာများကြောင့် လုပ်ငန်းလည်ပတ်မှုများကို ရပ်စဲထားခဲ့ရသည်ဟု သိရသည်။

"ဝင်ငွေတွေက လျော့ကျလာနေပေမယ့် အသုံးစရိတ်တွေကတော့ မြင့်တက်နေတယ်" ဟု Raido Sulh-e-Paygham ၏ အကြီးအကဲ ဇာဟစ်ဒ် အန်ဂါ၏ ပြောကြားမှုကို Tolo News က ကိုးကားဖော်ပြသည်။

နိုင်ငံရှိ ပြည်နယ်အချို့တွင် အမျိုးသမီးသတင်းထောက်များသည် ပိတ်ပင်ကန့်သတ်ခံရမှုများကြောင့် တာဝန်ထမ်းဆောင်ရန် ပေါ်လာနိုင်ခြင်း မရှိဟု မီဒီယာတာဝန်ရှိသူများက ပြောသည်။

"တက်ခါပြည်နယ်မှာ ဆိုရင် ကျွန်တော်တို့ဟာ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နောက်ပြီး ကျွန်တော်တို့ သတင်းဌာနမှာက အမျိုးသမီး သတင်းထောက်တွေလည်း မရှိဘဲဖြစ်နေတယ်" ဟု တက်ခါ ပြည်နယ်ရှိ Rayhan ရေဒီယိုနှင့် ရုပ်သံထုတ်လွှင့်မှုဌာန၏ ပိုင်ရှင် ကာမီလာ ဆာဟာက ပြောခဲ့သည်။

"ဖာရာပြည်နယ်မှာ ဆိုရင် သတင်းထောက်တွေဟာ ပြန်ကြားရေးနဲ့ ယဥ်ကျေးမှုဌာနရဲ့ ခွင့်ပြုချက် မရရင် လုံခြုံရေး ဌာန (တာဝန်ရှိသူတွေ) ဒါမှမဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူးဆီ သွားဖို့ ခွင့်ပြုချက် မရပါဘူး" ဟု ဖာရာရှိ ပြည်တွင်း ရေဒီယိုထုတ်လွှင့်မှုဌာနတစ်ခု၏ အရာရှိတစ်ဦးဖြစ်သည့် အီဘရာဟင် မိုဟာမက်ဒီက ပြောခဲ့ကြောင်း သိရသည်။

တာလီဘန်တာဝန်ရှိသူများက ၎င်းတို့အနေဖြင့် မီဒီယာလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းမည်ဟု အစည်းအဝေးတစ်ခုတွင် ပြောခဲ့သည်ဟု သိရသည်။ သို့သော် မီဒီယာများအနေဖြင့် သတင်းတင်ဆက်ဖော်ပြချိန်တွင် နိုင်ငံနှင့် အစ္စလမ္မစ် စံတန်ဖိုးများကို စဉ်းစားသင့်သည်ဟု ၎င်းတို့က အလေးပေးပြောခဲ့ကြောင်း အာဖဂန် မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly