မိုဘိုင်းဆင်းကတ်နှင့် အင်တာနက်၊ ဝိုင်ဖိုင် ဝန်‌‌ဆောင်ခ ဈေးနှုန်းများ မြင့်တက်

မိုဘိုင်းဆင်းကတ်နှင့် အင်တာနက်၊ ဝိုင်ဖိုင် ဝန်‌‌ဆောင်ခ ဈေးနှုန်းများ မြင့်တက်
ဓာတ်ပုံ - EPA

ဇန်နဝါရီလ ၁၃ ရက်

စစ်ကောင်စီက ပြဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဇန်နဝါရီ ၆ ရက်နေ့ပါ ရက်စွဲဖြင့် ထွက်ပေါ်လာပြီးနောက် မိုဘိုင်းဆင်းကတ်နှင့် အင်တာနက်၊ ဝိုင်ဖိုင် ဝန်‌‌ဆောင်ခ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

အဆိုပါ ဥပဒေသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်ရောက်မှုရှိပြီး ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (င) ၏ နောက်တွင် (င-၁) (၁) အရ တယ်လီကွန်း အော်ပရေတာများ၏ ဆင်းကတ်များ အသစ်ဝယ်ယူ စတင်အသုံးပြုနိုင်ရန် Sim Card Activation ဝန်ဆောင်မှု ရယူပါက ကုန်သွယ်လုပ်ငန်းခွန် ၂၀၀၀၀ ကျပ်ကို မူရင်း ဆင်းကတ်ဈေးနှုန်း ၁၅၀၀ ကျပ်နှင့် တစ်ပါတည်း ပူးတွဲပေးဆောင်ရမည် ဖြစ်သည်။

ထို့အပြင် အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းမှ ရငွေအပေါ် ၁၅ ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်ဟု ပြင်ဆင်ဖြည့်စွက် လိုက်ခြင်းကြောင့် အင်တာနက်၊ ဝိုင်ဖိုင် ဝန်ဆောင်ခအတွက် လစဉ် ပေးဆောင်ရသည့် နှုန်းထားများ မြင့်တက်သွားကြောင်း သိရသည်။

“ဒီလ ၁၀ ရက်နေ့ကနေစပြီး ဘေလ်ဆောင်တဲ့ အသုံးပြုသူတွေရဲ့ နှုန်းထားတွေကစပြီး ပြောင်းလဲတာ ဖြစ်ပါတယ်။ ကိုယ်ယူထားတဲ့ အင်တာနက်ပလန်ရဲ့ လစဉ်ကြေးအပေါ်မှာ မူတည်ပါတယ်။ တစ်ထောင်က စလို့ လေးထောင်၊ ခြောက်ထောင် အထိ အမျိုးမျိုး တက်သွားပါတယ်။ ဒါက အစိုးရဘက်က သတ်မှတ်တဲ့ အခွန်တွေနဲ့ ပတ်သက်ပြီး ဈေးနှုန်း အပြောင်းအလဲဖြစ်တာ ဖြစ်ပါတယ်” ဟု ပြည်တွင်း၌ အင်တာနက် ဝန်ဆောင်မှုများ ပေးနေသော လုပ်ငန်းတစ်ခုက ဆိုသည်။  

လွန်ခဲ့သည့် ဒီဇင်ဘာလ အတွင်းကလည်း မြန်မာနိုင်ငံရှိ တယ်လီကွန်း အော်ပရေတာ လေးခုလုံး၏ ဖုန်းခေါ်ဆိုခနှင့် အင်တာနက် အသုံးပြုခများ စတင်ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ထိုသို့ သတ်မှတ်ရာတွင် ဒေတာဈေးနှုန်းကို ယခင်ထက် နှစ်ဆ ပိုမို ကောက်ခံထားသည်ကို တွေ့ရပြီး ဖုန်းခေါ်ဆိုခ နှုန်းထားများပါ တိုးမြှင့်ထားခြင်းကြောင့် စစ်ကောင်စီအပေါ် ပြည်သူလူထု၏ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required