အင်ဒိုနီးရှားမှာ COVID-19 ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရေး စတင် 

အင်ဒိုနီးရှားမှာ COVID-19 ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရေး စတင် 

ဇန်နဝါရီ ၁၃

အင်ဒိုနီးရှားနိုင်ငံမှာ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကြောင့် COVID-19 ကူးစက်ဖြစ်ပွားမှု စံချိန်တင်မြင့်တက်နေတာကြောင့် အများပြည်သူတွေကို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးရေးကို ဗုဒ္ဓဟူးနေ့မှာ စတင်ဆောင်ရွက်ပြီ ဖြစ်ပါတယ်။ 

အခမဲ့ ထိုးနှံပေးမယ့် ထပ်ဆောင်းကာကွယ်ဆေးကို အသက်ကြီးသူတွေနဲ့ ကူးစက်ဖြစ်ပွားမှု မြင့်မားတဲ့ ဒေသက ပြည်သူတွေကို ဦးစားပေးထိုးနှံပေးမှာ ဖြစ်ပေမယ့် ဒုတိယကာကွယ်ဆေးကို ခြောက်လအကြာက ထိုးနှံပြီးခဲ့တဲ့ ဘယ်သူကိုမဆို အခမဲ့ ထိုးနှံပေးသွားမှာ ဖြစ်တယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက အင်္ဂါနေ့မှာ အစီအစဉ်ကို ကြေညာပြောဆိုပါတယ်။ 

ဆေးရှားပါး ပြတ်လပ်တာကြောင့် ထပ်ဆောင်းကာကွယ်ဆေးကို တစ်ဝက်စီပဲ ထိုးနှံပေးမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဘူဒီ ဂူနာဒီက ပြောပါတယ်။ ပြည်တွင်း သုတေသန ဆောင်ရွက်ချက်အရ ဆေးတစ်ဝက် ထိုးနှံပေးလည်း ဗိုင်းရပ်စ်ကို ထိရောက်စွာ ကာကွယ်နိုင်စွမ်း ရှိကြောင်း သိရပါတယ်။ 

လူဦးရေ သန်း ၂၇၀ ကျော်ရှိပြီး ကမ္ဘာ့စတုတ္ထ လူဦးရေအများဆုံး အင်ဒိုနီးရှားဟာ ကပ်ဘေးစတင်ကတည်းက ကာကွယ်‌ဆေး အလုံအလောက် ရရှိရေးအတွက် ရုန်းကန်နေရတာပဲ ဖြစ်ပါတယ်။ 

ကူးစက်မှု ပိုမြန်တဲ့ အိုမီခရွန်ကို ပိုပြီး အကာအကွယ် ဖြစ်နိုင်မယ် မျှော်လင့်ချက်နဲ့ ဂျကာတာက ဆေးထိုးစင်တာတွေမှာ အသက်ကြီးပိုင်းပြည်သူတွေဟာ ဗုဒ္ဓဟူးနေ့မှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခံဖို့ တန်းစီနေကြပါတယ်။ 

“အဘွားတော့ ဒီ ကာကွယ်ဆေး ထိုးနှံမှ ဖြစ်မယ်၊ ဘာကြောင့်လည်းဆိုတော့ အဘွားက ဟိုသွားဒီသွားနဲ့ အလုပ်များတယ်လေ”ဆိုပြီး အသက် ၈၄ နှစ်အရွယ် ဟာဒီနီက တတိယမြောက် ကာကွယ်ဆေး ထိုးနှံခံအပြီးမှာ ပြောပါတယ်။ 

“အဘွားဟာ ခုထိ တင်းနစ်ကစားတုန်းပဲ၊ ပြေးလည်း ပြေးတယ်၊ ကိုယ်ခံအား မကြောင်းဘူးဆိုရင် အဘွားကနေ တစ်ဆင့် အခြားသူတွေလည်း ကူးစက်မှာဖြစ်သလို အဘွားလည်း နေထိုင်မကောင်း ဖြစ်ရလိမ့်မယ်”လို့ သူက ဆိုပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ အတည်ပြုထားတဲ့ ကာကွယ်ဆေး အားလုံးကို ထပ်ဆောင်းကာကွယ်ဆေးအဖြစ် တစ်ဝက်ပဲ ထိုးနှံပေးနေတာ ဖြစ်ပြီး ဒါဟာဆိုရင် ကမ္ဘာမှာ ဘယ်နိုင်ငံမှ မလုပ်ဆောင်သေးကြောင်း COVID-19 လုပ်ငန်းစဉ်အဖွဲ့ ပြောခွင့်ရသူ ဆစ်တီ နာဒီယာက အေအက်ဖ်ပီကို ပြောပါတယ်။ 

အင်ဒိုနီးရှားမှာ Pfizer၊ Moderna၊ AstraZeneca နဲ့ တရုတ်ထုတ် Sinovac ကာကွယ်ဆေးတွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအချို့မှာတော့ ထပ်ဆောင်းကာကွယ်ဆေးအဖြစ် Moderna ဆေးတစ်ဝက်ကို ထိုးနှံပေးတာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required