ဇန်နဝါရီ ၁၂
အသံထက်မြန် ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကနေ ဗုဒ္ဓဟူးနေ့မှာ ဖော်ပြတာကြောင့် နျူကလီးယား လက်နက်နိုင်ငံ မြောက်ကိုရီးယားအနေနဲ့ တစ်ပတ်အတွင်းမှာ အသံထက်မြန် ဒုံးကျည် ဒုတိယအကြိမ်မြောက် စမ်းသပ်ပစ်လွှတ်မှုပဲ ဖြစ်ပါတယ်။
အခု ဒုံးကျည်ဟာ ကီလိုမီတာ ၁၀၀၀ အကွာက ရေပြင်ပစ်မှတ်ဆီ ထိမှန်ခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။
အနက်ရောင် လယ်သာကုတ်အင်္ကျီ အရှည် ဝတ်ဆင်ထားပြီး ရွေ့လျားကြည့်ရှုနေရာကနေ မှန်ပြောင်းနဲ့ ဒုံးကျည်ပစ်လွှတ်မှုကို ကြည့်ရှုနေတဲ့ ကင်ဂျုံးအွန်ရဲ့ ဓာတ်ပုံကို အာဏာရ အလုပ်သမားပါတီရဲ့ တရားဝင်သတင်းစာ Rodong Sinmun ရဲ့ ဝက်ဘ်ဆိုက်မှာ ပို့စ်တင်ဖော်ပြခဲ့ပါတယ်။
Rodong Sinmun ဖော်ပြတဲ့ အခြား ဓာတ်ပုံတွေမှာ အရုဏ်ဦးအချိန် မီးတောက်နဲ့ မီးခိုးတွေ မြေပြင်ကနေ ဒုံးကျည် ပျံတက်ပုံနဲ့ ကင်ဂျုံးအွန်က အရပ်ဝတ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြောဆိုနေတဲ့ ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။
အခု ပစ်လွှတ်မှုဟာ လက်ရှိအထိ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အသံထက်မြန် ဒုံးကျည် သုံးကြိမ်မြောက် စမ်းသပ်ပစ်လွှတ်မှုပဲ ဖြစ်ပါတယ်။ ၂၀၂၁ စက်တင်ဘာတုန်းက တစ်ကြိမ်၊ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တစ်ကြိမ် မြောက်ကိုရီးယားဟာ အသံထက်မြန်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ထားတာ ဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ လက်နက်တိုက်မှာ ခေတ်မီတဲ့ လက်နက်တွေ ဖြည့်တင်းနိုင်ရေးအတွက် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
အင်္ဂါနေ့က အခု ပစ်လွှတ်မှုဟာ အသံထက်မြန်တဲ့ နှုန်းနဲ့ ဒုံးကျည် ပျံသန်းပြီး ပြီးခဲ့တဲ့ ပစ်လွှတ်မှုထက် ပိုမိုကောင်းမွန်လာတဲ့ လက္ခဏာတွေ တွေ့ရကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
အသံထက်မြန် ဒုံးကျည်တွေဟာ အသံထက် ငါးဆမြန် Mach 5 အလျင်နဲ့ ပျံသန်းနိုင်ပြီး မနိမ့်မမြင့် အနေအထားကနေ ပျံသန်းနိုင်တာကြောင့် ခြေရာကောက်ဖို့နဲ့ ကြားဖြတ်ဟန့်တားဖို့ ပိုပြီး ခက်ခဲစေပါတယ်။
ရုရှ၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေကလည်း အသံထက်မြန် ဒုံးကျည်တွေ အောင်မြင်စွာ စမ်းသပ်ထားတယ်လို့ ပြောကြပြီး ရုရှနိုင်ငံကတော့ လက်ရှိအထိ ဒီ နည်းပညာမှာ ကမ္ဘာ့ရှေ့ဆောင်အဖြစ် ဦးဆောင်လျက် ရှိနေပါတယ်။