ပါကစ္စတန်နှင့် တရုတ်တို့အကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဖွင့်လှစ်

ပါကစ္စတန်နှင့် တရုတ်တို့အကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ဖွင့်လှစ်

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းသည် ပါကစ္စတန်-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမောစေရန် ရည်ရွယ်ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို စီစဉ်ဖွင့်လှစ်ခဲ့ကြောင်း ARY News ပြည်တွင်းမီဒီယာက ဖော်ပြသည်။

နိုင်ငံတွင် ပျံ့နှံ့ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှင့် ကြွေးမြီများ တိုးပွားနေမှုနှင့်ပတ်သက်ပြီး အတိုက်အခံပါတီများဘက်က အာဏာရပါတီအပေါ် ဝေဖန်မှုများမြင့်တက်နေစဉ် ဝန်ကြီးချုပ်က အထက်ပါ ဖိုရမ်ကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်-တရုတ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ကို ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့နှင့် ပူးပေါင်းလျက်ဖြင့် စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖိုရမ် သည် ပါကစ္စတန်တွင် ရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေချောမွေ့စေရေး ပံ့ပိုးရန်နှင့် စီးပွားရေးလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားပေးရန် ရည်ရွယ်သည်ဟု ARY News က ဖော်ပြသည်။

"တရုတ် စက်မှုလုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေ ပါကစ္စတန်ကို ပြောင်းရွှေ့ပြီး လာရောက်လုပ်ကိုင်စေဖို့အတွက် ကျွန်တော်တို့ မက်လုံးတွေ ပေးနေပါတယ်။ ဒါပေမယ့် ပြဿနာက သဘောတူညီချက်တစ်ခုကနေ အကောင်အထည်ဖော်မှုအထိ အချိန်အများကြီး ယူနေရတာဖြစ်ပါတယ်" ဟု အီမရန် ခန်းက အဆိုပါ ဖိုရမ် ဖွင့်ပွဲအခမ်းအနား မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်ဟု ARY News က ကိုးကားဖော်ပြသည်။

နှောင့်နှေးကြန့်ကြာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ အားမလိုအားမရ ဖြစ်ကြရသည်ဟု အလေးပေးပြောရင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ခလုတ်တံသင်းများကို ဖယ်ရှားရန် အီမရန် ခန်းက တိုက်တွန်းခဲ့သည်ဟု သိရသည်။

ထို့ပြင် ပို့ကုန်များကို နိုင်ငံ၏ ဦးစားပေးမှုဖြစ်စေရန် လိုအပ်ကြောင်း ၎င်းက ပြောကြားရင်း ပို့ကုန်ကဏ္ဍကို မတိုးမြင့်နိုင်ပါက နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန် မဖြစ်နိုင်ဟု ခန်းက ပြောခဲ့သည်။

လက်ရှိတွင် အာဏာရ ပါကစ္စတန် တေရက် အီ အင်ဆက်ဖ် ပါတီသည် နိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်း၊ ပြည်ပ ကြွေးမြီ တိုးပွားနေခြင်း၊ ဖြည့်စွက် ဘဏ္ဍာရေး ဥပဒေမူကြမ်း၊ အခြားကိစ္စရပ်များနှင့် ပတ်သက်ပြီး ဝေဖန်ခံနေရချိန် အီမရန်ခန်းက အထက်ပါ ဖိုရမ်ကို ဖွင့်လှစ်ကျင်းပခြင်းဖြစ်သည်။

အထက်ပါကိစ္စရပ်ပြဿနာများနှင့်ပတ်သက်ပြီး အီမရန် ခန်း နုတ်ထွက်ရေးကို အတိုက်အခံခေါင်းဆောင်များက တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required