ကလေးပိုမိုမွေးဖွားရေး အစိုးရ၏ ဆန္ဒကို တရုတ်အမျိုးသမီးများ ဖြည့်ဆည်းပေးနိုင်ဖွယ်မရှိ

ကလေးပိုမိုမွေးဖွားရေး အစိုးရ၏ ဆန္ဒကို တရုတ်အမျိုးသမီးများ ဖြည့်ဆည်းပေးနိုင်ဖွယ်မရှိ

အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဇနီးမောင်နှံတစ်တွဲလျှင် ကလေး ၂ ယောက်မှ ၃ ယောက်အထိ ယူနိုင်ကြောင်း တရားဝင်ကန့်သတ်ချက် ထုတ်ပြန်လျက် ကလေးမွေးဖွားနှုန်းမြှင့်တင်ရန်နှင့် သက်ကြီးရွယ်အို အချိုးအစားကို ပြောင်းလဲရန် ၂၀၂၁ ခုနှစ် မေလက အစီအစဉ်အသစ်များ ချမှတ်ခဲ့သည်။

သို့သော် ကလေးမွေးခြင်းနှင့် ကလေးပြုစုစောင့်ရှောက်ခြင်းနှင့်ပတ်သက်သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ လုပ်ဖွယ်ဆောင်တာအများစုကို လုပ်ဆောင်သူ တရုတ်အမျိုးသမီးများသည် CCP ခေါင်းဆောင် ရှီကျင့်ဖျင်မျှော်လင့်ထားသည့်အတိုင်း အစိုးရ၏ လူဦးရေပြဿနာများကို အဆင်သင့်ဖြစ်စွာဖြေရှင်းပေးရန် ခြေလှမ်းမည်မဟုတ်ပေ။

"နောက်ထပ် ကလေးတစ်ယောက်ယူလို့မဖြစ်ပါဘူး။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာက ပိုက်ဆံတွေကို စက္ကူဖြတ်စက်ထဲ ထည့်လိုက်သလိုပါပဲ။ ကလေးထပ်ယူစရာ အကြောင်းမရှိဘူး” ဟု ချန်းရှာ မြို့က ဝန်ဆောင်မှုလုပ်ငန်းဝန်ထမ်းတစ်ဦးဖြစ်သည့် လီက RFA သို့ပြောသည်။

ဟန်ကျိုးအရှေ့ပိုင်းမှ ချူးရှားကျောင်ဆိုသူသည် အိမ်ထောင်သက် ၃ နှစ်ရှိပြီဖြစ်ပြီး ကလေးတစ်ယောက် ယူရန်ပင် မစဉ်းစားနိုင်ကြောင်းပြောသည်။

"ကျွန်မတို့ အိမ်တစ်လုံးဝယ်ထားပါတယ်။ လစဉ်ချေးငွေဆပ်ရတာက ကျွန်မလစာထက်တောင်များပါတယ်။ ကလေး ၃ ယောက်ယူဖို့နေနေသာသာ ၁ ယောက်တောင် မတတ်နိုင်ပါဘူး” ဟု သူမက ပြောသည်။

အာဏာရပါတီက ကလေးယူလိုသော စုံတွဲများအတွက် အခွန်နှင့် အိမ်ရာမက်လုံးများ ကတိပြုရင်း “အိမ်ထောင်ပြုရန်အရွယ်ရောက်သည့်လူငယ်များအကြား လက်ထပ်ထိမ်းမြားခြင်းနှင့် မိသားစုတန်ဖိုးများကို မြှင့်တင်ရန် ပညာပေးမှုနှင့်လမ်းညွှန်မှုများ ပေးသင့်သည်" ဟု ရှီက ပြောကြားခဲ့သည်။

တစ်အိမ်ထောင် ကလေး ၃ယောက်မူဝါဒသည် CCP က တစ်မိသားစုလျှင် ကလေး ၃ယောက်မူဝါဒကို ဖျက်သိမ်းပြီး ၅ နှစ်အကြာ၌ ထွက်ပေါ်လာသည့် ကြီးမားသော အပြောင်းအလဲ ဖြစ်သည်။ ကလေးတစ်ယောက်မူဝါဒသည် သက်တမ်းရင့်ကိုယ်ဝန်များ အဓမ္မဖျက်ချခိုင်းခြင်း၊ သားကြောဖြတ်ခိုင်းခြင်းနှင့်တာဝန်ရှိသူများက အမျိုးသမီးများ၏ မျိုးပွားမှုကို ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်ခြင်းအပါအဝင် ဆယ်စုနှစ်များစွာကြာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

"မူဝါဒတွေ ဘယ်လိုအကောင်အထည်ဖော်မယ်၊ အစိုးရက ငွေဘယ်လောက်သုံးမယ် ဆိုတာ မသိရဘဲနဲ့ ဒီမူဝါဒတွေဟာ တော်တော်ကို အဓိပ္ပါယ်မဲ့ပါတယ်" ဟု မီရှီဂန်တက္ကသိုလ် သမိုင်းနှင့် အမျိုးသမီးရေးရာနှင့် ကျား/မရေးရာ လေ့လာရေး တွဲဖက်ပါမောက္ခ ဝမ်ကျန်းက RFA သို့ပြောသည်။

ကလေးတစ်ဦးမူဝါဒကာလက အမျိုးသမီးများ မျိုးပွားမှုစနစ်ကို ထိန်းသိမ်းကြပ်မတ်ရန်နှင့် မွေးဖွားမှုကို ကန့်သတ်ရန် အာဏာရှင်နည်းလမ်းများကို အသုံးပြုခဲ့ကြသောကြောင့် ကလေးထပ်ယူအောင်ပြုလုပ်ရာတွင် အလားတူနည်းလမ်းများကို အသုံးချလာနိုင်ကြောင်း ဂျော့ရှ်တောင်း တက္ကသိုလ်မှ အာရှဥပဒေသုတေသီ ကျောင်းစီလီက ဆိုသည်။

ဇွန်လနှောင်းပိုင်းက ဟူနန်ပြည်နယ် ယွေ့ယန်းမြို့ရှိ စာရင်းအင်းဗျူရိုမှ တာဝန်ရှိသူများက ဇနီးမောင်နှံများအား ကလေးမွေးဖွားရေး အားပေးရန်နှင့် ဒုတိယနှင့် တတိယမြောက်ကလေးကြား သားဆက်ခြားချိန် တိုတောင်းစေရန် တောင်းဆိုသော ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့သောကြောင့် အစိုးရသည် အမျိုးသမီးများကို သားဖောက်ကုန်အဖြစ် မှတ်ယူနေသည်ဟု အွန်လိုင်းတွင် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly