မြဝတီမြို့နယ်၊ ဖလူးလေးရွာတွင် တိုက်ပွဲဆက်ဖြစ် ၊ စစ်ကောင်စီဘက်က အကျအဆုံး ရှိနေဟုဆို

မြဝတီမြို့နယ်၊ ဖလူးလေးရွာတွင် တိုက်ပွဲဆက်ဖြစ် ၊ စစ်ကောင်စီဘက်က အကျအဆုံး ရှိနေဟုဆို
ဓာတ်ပုံ- CJ (ဖလူးလေးကျေးရွာအဝင် နေရာကိုတွေ့ရစဉ်)

ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဖလူးလေးကျေးရွာ အဝင်၌ ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခွဲ ဝန်းကျင်မှ စ၍ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်တို့အကြား တိုက်ပွဲထပ်မံ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အကျအဆုံး ရှိနေကြောင်း KNLA နှင့် နီးစပ်သည့် နယ်မြေခံ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

လတ်ရှိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်၍ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည် မပြုနိုင်သေးကြောင်း သတင်းရင်းမြစ်က ပြောသည်။

“အခု ဖလူးလေးအဝမှာ တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီး ထုသံတွေရော ကြားနေရတယ်။ စစ်ကောင်စီဘက်က သေလည်း သေကြတယ်။ ထိခိုက်ဒဏ်ရာ ရတာလည်း များတယ်လို့ ပြောတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဖလူးလေး ကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၅ နာရီ ဝန်းကျင်ကလည်း နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယခု ဒုတိယအကြိမ် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း နယ်မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။

လေးကေ့ကော် ဒေသရှိ မယ်ထော်သလေး၊ ပဲဟိကလော်၊ ထီးမယ်ဝါးခီးနှင့် ဖလူးလေးကျေးရွာ အနီးတွင်လည်း ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်မှ မွန်းလွဲ ၁၂ နာရီ ကျော်ထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

“မနေ့က တိုက်ပွဲမှာ လက်နက်ကြီးတွေက မယ်ဝါးခီးမှာ ကျတယ်။ ဖလူးကြီးမှာ ကျတယ်။ အချက်ရေ ကတော့ များတယ်။ ရေတွက်လို့မရဘူး။ ၁၂ နာရီနောက်ပိုင်းလည်း ရောက်ရော ဖလူးလေး၊ ဗိုလ်စလုံးစခန်း အနားထိကို လက်နက်ကြီးတွေ ကျလာတယ်” ဟု သတင်းရင်းမြစ် တစ်ဦးက ပြော သည်။

ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖလူးလေး ကျေးရွာမှ လူနေအိမ် တစ်လုံး လက်နက်ကြီး ထိမှန်ပြီး ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားချိန်အတွင်း လက်နက်ကြီး ကျရာက်မှုကြောင့် ဖလူးလေးရွာ အနီးရှိ သောင်းရင်းမြစ်ကမ်း ဘေးတွင် ခိုလှုံနေရသည့် နေရပ် မပြန်နိုင်သေးသော စစ်ဘေး ဒုက္ခသည်များသည် သောင်းရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရကြောင်းလည်း စစ်ဘေးဒုက္ခသည်များက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး အထိမ်းအမှတ် တည်ဆောက် ထားသော လေးကေ့ကော် မြို့သစ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး ဒေသခံ ဦးရေ ၁၆,၀၀၀ ဝန်းကျင်ခန့် စစ်ဘေး ရှောင်နေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required