PDF များ စောင့်ရှောက်မှုဖြင့် ယင်းမာပင်နှင့် ပုလဲတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်၊ နိုင်ငံရေး ဟောပြောပွဲများ ကျင်းပ

PDF များ စောင့်ရှောက်မှုဖြင့် ယင်းမာပင်နှင့် ပုလဲတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်၊ နိုင်ငံရေး ဟောပြောပွဲများ ကျင်းပ

ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF များ၏ စောင့်ရှောက်မှုဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်နှင့် နိုင်ငံရေး ဟောပြောပွဲများကို ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် ညပိုင်းတွင် ကျင်းပခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီအဖွဲ့ဝင် ကိုသန်းကျော်ဦး နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ဗကသများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုစိုပြေမင်းထင်တို့မှ ပြည်သူလူထုအား နိုင်ငံရေး တရားများ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်တရားများ ဟောပြောခဲ့ကြောင်း ဆိုသည်။

ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်သည် စစ်ကောင်စီ အပြည့်အဝ အုပ်ချုပ်၍ ရသည့်နေရာ မဟုတ်ကြောင်း၊ ယခုအထိ ပြည်သူလူထုက နယ်မြေစိုးမိုး သိမ်းပိုက်ထားဆဲဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် ညီညီညွတ်ညွတ်ဖြင့် စစ်ကောင်စီ၏ ဖိနှိပ်ရက်စက်မှုများကြားက သံမဏိ စိတ်ဓာတ်ဖြင့် အဆုံးထိ တိုက်ပွဲဝင်သွားကြရန် အလေးအနက်ထား တိုက်တွန်းကြောင်း ကိုသန်းကျော်ဦးက ပြောသည်။

"ယခုချိန်ထိ ဘယ်နေရာ ဘယ်ဒေသကိုမှ အကြမ်းဖက် စစ်အုပ်စုတွေ အသာစီး မရသေးပါဘူး။ အာဏာ သိမ်းခဲ့တဲ့ ၂ လပိုင်းကစလို့ ယနေ့အချိန်ထိ မိဘပြည်သူ အားလုံးဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ လုပ်ဆောင်နေတဲ့ မည်သည့် လုပ်ရပ်ကိုမဆို ဆန့်ကျင်ကာ သံမဏိ စိတ်ဓာတ်နဲ့အတူ တိုက်ပွဲဝင်လာခဲ့ကြခြင်း ဖြစ်ပါတယ်။ တွေ့မရှောင်နဲ့ ကျွန်တော်လိုကောင်နဲ့ ထိုးတဲ့ပွဲကို လာကြည့်ကြတယ်ထားပါ။ ပရိတ်သတ်တွေ အားလုံး ကျွန်တော့်ဘက်က အားပေးလို့ လက်ခုတ်တီးလို့ ကျွန်တော် မနိုင်ပါဘူး။ ဒါပေမယ့် ပရိတ်သတ် အားလုံး ဝိုင်းထိုးရင်တော့ တွေ့မရှောင်လဲ မခံနိုင်ပါဘူး" ဟု ဗကသများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုစိုပြေမင်းထင်က ပြည်သူလူထုကို ပြောသည်။

စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းရေးများ လုပ်ဆောင်လာခြင်းနှင့်အညီ ပြည်သူများဘက်ကလည်း တော်လှန်ရေး ရေချိန်မြှင့်တင်ပြီး လက်နက်စွဲကိုင် တော်လှန်ခြင်းကို အကောင်ထည်ဖော် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

လက်နက်ကိုင် လမ်းစဉ်ကို လက်ရှိထက် ပိုထိရောက်ရန် အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရန်အတွက် ပြည်သူလူထု တစ်ရပ်လုံးက ဓနအင်အား၊ ဉာဏအင်အား၊ ကာယအင်အားများ ပူးပေါင်းပါဝင်ပြီး နီးစပ်ရာ Local PDF များကို ပံ့ပိုးကူညီပါက အာဏာရှင် တော်လှန်ရေး အချိန်တိုအတွင်း အောင်မြင်နိုင်ကြောင်း ကိုစိုပြေမင်းထင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required