တရုတ်က အစ္စလမ်ဘာသာကို အသွင်ပြောင်းခြင်းနှင့် ဘာသာရေးကို ဖိနှိပ်ခြင်း

By The Geneva Daily
09 January 2022
တရုတ်က အစ္စလမ်ဘာသာကို အသွင်ပြောင်းခြင်းနှင့် ဘာသာရေးကို ဖိနှိပ်ခြင်း

ဘာသာရေးကို အကြီးအကျယ်ဖိနှိပ်မှုသည် ဂျူးလူမျိုးများအား လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီတို့ ရှုံးနိမ့်မှုတို့နှင့်အတူ အဆုံးသတ်သွားသည့် အတိတ်ဖြစ်ရပ်တစ်ခုဟု မြင်ယောင်မိပေလိမ့်မည်။ သို့သော် ယနေ့ခေတ်တွင် တရုတ်နိုင်ငံမှ ဝီဂါမွတ်စလင်များအပေါ် တရုတ်၏ ဆက်ဆံမှုသည် ထိုရက်စက်ကြမ်းကြုတ်မှုများနှင့် အလားသဏ္ဍာန်တူပေသည်။

ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ၂၀၁၂ ခုနှစ်တွင် စတင်တာဝန်ယူခဲ့ပြီးကတည်းက နိုင်ငံသည် ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုများကို သိသိသာသာ ကြုံတွေ့ခဲ့ရသည်။ ရှီအစိုးရသည် ရှီကျင့်ဖျင်အတွေးအခေါ်နှင့်အညီ တရုတ်နိုင်ငံကို ဖန်တီးရန် စဉ်ဆက်မပြတ် ကြိုးစားနေသည်။

တရုတ်လူဦးရေ၏ ၉၂ ရာခိုင်နှုန်းသည် ဟန်လူမျိုးဖြစ်သော်လည်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်သည် မည်သည့်ဘာသာနှင့်မျှ ပတ်သက်ကိုးကွယ်မှုမရှိသလို ခရစ်ယာန်လူနည်းစုမှာ ၅ ရာခိုင်နှုန်း နီးပါးရှိပြီး မွတ်စလင်များမှာ လူဦးရေ၏ ၂ ရာခိုင်နှုန်းမျှသာရှိသည်။ သို့သော်လည်း ဤလူနည်းစုများသည် လက်ရှိအစိုးရ၏ အနှောက်အယှက်မခံရဘဲ နေရသည့် အခွင့်အလမ်းမရှိပေ။

ရှီအစိုးရ၏ ဘာသာရေးမူဝါဒ အဓိကအချက်အဖြစ် "ဘာသာတရားအား တရုတ်လက္ခဏာအသွင်ပြောင်းခြင်း” ဟူသော ဝေါဟာရကို ၂၀၁၅ ခုနှစ်တွင် ရှီကျင့်ဖျင်မှ ပထမဆုံး အသုံးပြုခဲ့သည်။

မွတ်စလင်များသည် ဟန်ယဉ်ကျေးမှုထဲသို့ သိမ်းသွင်းခံနေရသောကြောင့် တရုတ်၏ အစ္စလမ္မစ်အသိုက်အဝန်းသည် ကိုယ်ပိုင်လက္ခဏာနှင့် အလေ့အထများ ဖျောက်ဖျက်ခံရမှုကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရသည်။ အစိုးရမှ လုပ်ဆောင်ခဲ့သော အရပ်ဘက်ဆိုင်ရာခြေလှမ်းများတချို့တွင် မွတ်စလင်အများစုနေထိုင်ရာ ဒေသရှိ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များမှ အာရဗီအရေးအသားများကို ဖယ်ရှားခြင်းများပါဝင်သလို ကွန်မြူနစ်ပါတီ၏ အကြီးမားဆုံး ရက်စက်ကြမ်းကြုတ်မှုမှာ ဝီဂါမွတ်စလင်များကို မလိုလားခြင်းပင် ဖြစ်သည်။

သို့သော် မွတ်စလင်များကို နှိမ်နင်းမှုသည် ရှင်ကျန်းတွင်သာ ကန့်သတ်ထားသည်မဟုတ်ပေ။ နိုင်ငံတစ်ဝှမ်းလုံးတွင် ဗလီများကို တရုတ်တို့၏ကိုယ်ပိုင်လက္ခဏာများဖြင့် ပြန်လည်မွမ်းမံပြီး အာရပ်ဗိသုကာလက်ရာများကို ရိုးရာအားဖြင့် တရုတ်အသွင်ပိုဆောင်သောအပြင်ပန်းသဏ္ဍာန်ဖြင့် ဖလှယ်ကြသည်။

ထိုသို့သော ဗိသုကာလက်ရာများသည် ပြည်နယ်အတွင်း နိုင်ငံခြားဘာသာရေး သြဇာလွှမ်းမိုးမှုကို သက်သေထူနေပြီး ယင်းတို့သည် ရှိရင်းစွဲ လူနည်းစုများနှင့် ၎င်းတို့၏အမှတ်အသားကို တရုတ်အသွင်ပြောင်းရန် ယခုကဲ့သို့ နိုင်ငံရပ်ခြားသင်္ကေတများကို ပြောင်ပြောင်တင်းတင်း ပယ်ဖျက်နေကြောင်း အာဏာပိုင်များက ပြောသည်။

ဗလီများကို အခြားပုံမှန် အဆောက်အအုံများနှင့် ပုံစံတူစေရန် ဗလီမျှော်စင်များနှင့် ဗလီအမိုးခုံးများကို ဖယ်ရှားပစ်ကြသည်။ ဗလီကို လုံးလုံးဖြိုပစ်ရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုသည် မွတ်စလင်များ၏“အစ္စလာမ်ဘာသာမှ ကူးပြောင်းခြင်း” နှင့် အစ္စလာမ်ဘာသာကို တရုတ်အသွင်လုပ်ဆောင်ခြင်းဟူသော ကြီးမားသော ပုံရိပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ဥပုသ်စောင့်ခြင်း၊ ဝတ်ပြုခြင်း၊ သို့မဟုတ် ခေါင်းစည်းပုဝါဝတ်ဆင်ခြင်းကဲ့သို့သော အစ္စလာမ်ဓလေ့ထုံးတမ်းများကို လိုက်နာစောင့်ထိန်းသူတစ်ဦးသည် ဖမ်းဆီးထိန်းသိမ်းခံရမည့် အန္တရာယ်ရှိသည်။ ပြည်ပရှိ မွတ်စလင်ပုဂ္ဂိုလ်များနှင့် အဆက်အသွယ်ရှိခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသလို အထူးသဖြင့် နှစ်စဉ်ကျင်းပသည့် Hajj ဘုရားဖူးခရီးစဉ်အတွက် ခရီးသွားခွင့်ကိုလည်း မကြာခဏ ငြင်းပယ်ခံရလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly