ထိုင်ဝမ်သမ္မတက တရုတ်၏ စစ်ရေးအရ စွန့်စားမှုကို ထိန်းချုပ်ရန် ပြောကြား

ထိုင်ဝမ်သမ္မတက တရုတ်၏ စစ်ရေးအရ စွန့်စားမှုကို ထိန်းချုပ်ရန် ပြောကြား

ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်သည် ဇန်ဝါရီ ၁ရက်က တိုင်ပေမြို့ရှိ သမ္မတရုံးတွင် နှစ်သစ်ကူးမိန့်ခွန်းပြောကြားစဉ် မတူကွဲပြားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် တရုတ်အား တောင်းဆိုခဲ့ပြီး တရုတ်၏ စစ်ရေးစွန့်စားလိုစိတ် များနေမှုကို ထိန်းချုပ်သင့်သည်ဟု ပြောကြားခဲ့သည်။ “စစ်ရေးကျူးကျော်မှုက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရာမှာ အကျိုးမပြုပါဘူး” ဟု ပြောကြားခဲ့ပြီး တရုတ်၏ စစ်ရေးကျူးကျော်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က ပြောကြားခဲ့သည်ဟု NHK World က ဖော်ပြသည်။

ထိုင်ဝမ်၏ ရပ်တည်ချက်သည် တသမတ်တည်းရှိကြောင်းနှင့် " ဖိအားပေးတဲ့အခါ အလျော့ပေးတာမျိုး ဒါမှမဟုတ် ကျွန်မတို့ ထောက်ခံမှုရလာသောအခါမှာ ဒေါသတကြီး ပြုမူတာမျိုး မလုပ်ပါဘူး" ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်အာဏာပိုင်များက အခြေအနေကို လွဲမှားစွာ မယူဆသင့်ကြောင်းနှင့် ယင်းတို့၏ ရာထူးအဆင့်တိုင်းတွင် စစ်ဘက်ဆိုင်ရာ စွန့်စားလိုစိတ် ပျံ့နှံ့နေမှုကို ရပ်တန့်သင့်သည်ဟု စိုင်က ပြောကြားကြောင်း NHK World သတင်းတွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားနှစ်ဘက်စလုံးက ကွဲပြားမှုများကို ဖြေရှင်းရန် စစ်ရေးနည်းလမ်းကို အသုံးပြုခြင်းသည် လုံးဝရွေးချယ်စရာမဟုတ်ကြောင်း စိုင်က ပြောကြားခဲ့သည်။

စစ်ရေးအရ ထိပ်တိုက်တွေ့မှုများသည် စီးပွားရေး တည်ငြိမ်မှုကို အကြီးအကျယ်ထိခိုက်စေနိုင်သည်ဟုလည်း သူမက သတိပေးခဲ့သည်။

ထို့ပြင် ဟောင်ကောင်အစိုးရကို ဝေဖန်သည့် ရပ်တည်ချက်ကြောင့် လူသိများသော အွန်လိုင်း မီဒီယာ တစ်ခုတွင် မကြာသေးမီက လူများဖမ်းဆီးခံရမှုများကိုလည်း စိုင်က တင်ပြခဲ့သည်။

ဒီမိုကရေစီနှင့် လွတ်လပ်မှုကို ကျင့်သုံးခြင်းသည် ရာဇဝတ်မှုမဟုတ်ကြောင်း၊ ဟောင်ကောင်ကို ထောက်ခံသည့် ထိုင်ဝမ်၏ ရပ်တည်ချက်မှာ ပြောင်းလဲမည်မဟုတ်ကြောင်း စိုင်က ပြောကြားခဲ့သည်ဟုလည်း NHK World သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly