တကောင်းနီကယ်စက်ရုံသို့ လျှပ်စစ်ပေးပို့နေသည့် ဓာတ်အားလိုင်းမှ တာဝါတိုင် ၁ခု ဖျက်ဆီးခံရ

By သတင်းနှင့် မီဒီကွန်ရက်။
08 January 2022
တကောင်းနီကယ်စက်ရုံသို့ လျှပ်စစ်ပေးပို့နေသည့် ဓာတ်အားလိုင်းမှ တာဝါတိုင် ၁ခု ဖျက်ဆီးခံရ

၂၀၂၂ ခုနှစ် ဇန္နဝွရီလ ၁ ရက်

ထီးချိုင့်မြို့နယ်အတွင်းရှိ မောင်းကုန်းကျေးရွာအနီးရှိ တကောင်း နီကယ်စက်ရုံသို့ လျှပ်စစ်ပေးပို့နေသည့် ဓါတ်အားလိုင်းမှ တာဝါတိုင်တစ်တိုင်ကို ဇန္နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းအချိန်က ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့သည်ဟု ထီးချိုင့် PDF အဖွဲ့က ပြောသည်။

ယနေ့ နံနက်ပိုင်း လင်းအားကြီး အချိန်က ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ထီးချိုင့် PDF အဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

နီကယ်စက်ရုံ၏ အရှေ့မြောက်ဘက်ရှိ ဟင်္သာရွာနှင့် နန်းပေါင်းရွာကြားရှိ လျှပ်စစ်တာဝါတိုင်ကို သတိပေးသည့် အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း နောက်ထပ်လည်း ထပ်မံဖောက်ခွဲနိုင်သည်ဟု PDF အဖွဲ့ တာဝန်ရှိသူ က ဆက် ပြောသည်။

“စက်ရုံက တရုတ်တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီတပ်တွေ ဖောက်ခွဲခံတဲ့ နေရာကို ပြန်ပြင်လို့ ရမရ သွားကြည့် နေကြတယ်။ အခုပြင်လည်း နောက်ထပ်ခွဲလို့ရတဲ့ နေရာအများကြီးပဲ“ ဟု ပြောသည်။

တကောင်း နီကယ်စက်ရုံသို့ သွယ်တန်းထားသည့် ဓါတ်အားလျှပ်စစ်မီးသည် ရှမ်းပြည်နယ် ရွှေလီနှင့် မဘိန်းနယ် မှ တိုက်ရိုက် သီးသန့် ယူထားပြီး ဒေသခံများ အသုံးမပြုရသည့် လျှပ်စစ်လိုင်း ဖြစ်သည်ဟု မောင်းကုန်း ကျေးရွာ သား တစ်ဦးက ပြောသည်။

“တောင်ပေါ်က မြေစာသယ်ချတဲ့ တာပိုင်လိုင်းဆို နှစ်မိုင်လောက် ရှည်တာ။ ညဆို လင်းထိန်နေတာပဲ” ဟု အဆိုပါ မောင်းကုန်းရွာသားက ဆက်ပြောသည်။

တကောင်း နီကယ်စက်ရုံသည် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး နီကယ်စီမံကိန်းဖြစ်ပြီး တရုတ်နိုင်ငံ သားပိုင် Myanmar CNMC Nickel ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် မြုပ်ထားသည့် စီမံကိန်း တစ်ခုဖြစ်သည်ဟု သိရသည်။

ယင်းနီကယ်စက်ရုံတွင် မြန်မာလုပ်သား ၁၇၀၀ ကျော်၊ တရုတ်နိုင်ငံသား အလုပ်သမား ၂၅၀ ကျော်ခန့် လုပ်ကိုင် နေကြပြီး နှစ်စဉ် နီကယ်တန်ချိန် ၈ သောင်းခွဲခန့် ထုတ်လုပ်နေသည့် စက်ရုံ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly