အာဖဂန်ထောက်လှမ်းရေးအေးဂျင့်များက သိမ်းဆည်းရမိထားသည့် အရက်လီတာ ၃,၀၀၀ ကို ကဘူးလ်မြို့ တူးမြောင်းထဲ သွန်ပစ်

အာဖဂန်ထောက်လှမ်းရေးအေးဂျင့်များက သိမ်းဆည်းရမိထားသည့် အရက်လီတာ ၃,၀၀၀ ကို ကဘူးလ်မြို့ တူးမြောင်းထဲ သွန်ပစ်

အာဖဂန်နစ္စတန်၏ ထောက်လှမ်းရေးအေးဂျင့် အဖွဲ့တစ်ဖွဲ့သည် သိမ်းဆည်းရမိထားသည့် အရက်လီတာ ၃,၀၀၀ ခန့်ကို ကဘူးလ်မြို့ရှိ တူးမြောင်းတစ်ခုထဲသို့ လောင်းသွန်ချခဲ့သည်ဟု အဆိုပါအဖွဲ့က ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် တာလီဘန်အာဏာပိုင်တို့က နိုင်ငံတွင် အရက်ရောင်းချမှုအပေါ် ဖြိုခွင်းနှိမ်နင်းသည့် လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်သည်။

အထွေထွေ ထောက်လှမ်းရေး ညွှန်ကြားမှုဦးစီးဌာန (GDI) က ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် ယင်း၏ အေးဂျင့်များက မြို့တော်၌ စီးနင်းဖမ်းဆီးမှုတစ်ခုအတွင်း သိမ်းဆည်းရရှိထားသည့် အရက်စည်များကို တူးမြောင်းထဲ သွန်ချနေသည်ကို ပြသထားသည်။

"မွတ်ဆလင်တွေအနေနဲ့ အရက် ချက်လုပ် ဖြန့်ဖြူးတာကနေ အလေးအနက် ရှောင်ကြဉ်ရမှာဖြစ်ပါတယ်" ဟု အေဂျင်စီက ဇန်နဝါရီ ၂ ရက်၌ တွစ်တာတွင် တင်ခဲ့သည့် ဗီဒီယိုထဲတွင် ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါ အရက်စည်များ စီးနင်းဖမ်းဆီးမှုကို လုပ်ဆောင်ခဲ့သည့်အချိန်နှင့် ဖျက်ဆီးခဲ့သည့် အချိန်အတိအကျကို ဖော်ပြမထားပေ။ သို့သော် ဖမ်းဆီးမှုအတွင်း အရက်ကုန်သည် ၃ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရက် ရောင်းချ၊ သောက်သုံးခြင်းကို ယခင် အနောက်အုပ်စု ထောက်ခံသော အစိုးရလက်ထက်မှာကတည်းက ပိတ်ပင်ခဲ့ခြင်းဖြစ်သော်လည်း တင်းကျပ်သော အစ္စလမ် စည်းမျဥ်းများကြောင့် လူသိများသည့် တာလီဘန်တို့သည် အရက် ရောင်းချ၊ သောက်သုံးမှုအပေါ် ဆန့်ကျင်ရာတွင် ပိုမိုတင်းကျပ်စွာ ရှိနေသည်။

အာဖဂန်နစ္စတန်တွင် သြဂုတ် ၁၅ ရက်က တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း နိုင်ငံတဝှမ်း မူးယစ်ဆေးစွဲသူများ ဖမ်းဆီးခြင်းအပါအဝင် သိမ်းဆည်းမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

တာလီဘန်အစိုးရ၏ အကျင့်သီလ စင်ကြယ်ရေးနှင့် မကောင်းမှု ဒုစရိုက်များ တားဆီးကာကွယ်ရေးဝန်ကြီးဌာနကလည်း အမျိုးသမီးများ၏ အခွင့်အရေးများအပေါ် ပိတ်ပင်ကန့်သတ်သည့် စည်းမျဉ်း သတ်မှတ်ချက်အချို့ကို ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly