စစ်တပ် အာဏာသိမ်းပြီး‌နောက် ဆိုးရွားလာသည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း

By စိုင်းခန့်
06 January 2022
စစ်တပ် အာဏာသိမ်းပြီး‌နောက် ဆိုးရွားလာသည့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း

ဇန်နဝါရီ ၆

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ၂၀၂၀ နှစ်ကုန်ခါနီး ကာလမှစ၍ မီးပြတ်တောက်မှုများ မကြာခဏဆိုသလို ကြုံတွေ့လာရသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ စစ်ကောင်စီက အာဏာသိမ်းယူလိုက်သည့်နောက်ပိုင်း လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ခြင်းကို တစ်နည်းမဟုတ်တစ်နည်း ပြုလုပ်လာသည်။

အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် စစ်ကောင်စီ၏ ဝင်ငွေရလမ်းဖြစ်သည့် လျှပ်စစ်မီတာခ မပေးဆောင်သည့် လှုပ်ရှားမှုပါဝင်ပြီး ပြည်သူအများစုက မီတာခ မပေးဆောင်ခြင်းဖြင့် စစ်ကောင်စီ၏ ဝင်ငွေရလမ်း လျော့နည်းစေရန် ပါဝင်လုပ်ဆောင်ခဲ့ကြသည်။

သို့သော် စစ်ကောင်စီက အောက်တိုဘာလ နှောင်းပိုင်းမှစ၍ ပြည်သူများကို လျှပ်စစ်မီတာခပေးဆောင်ကြရန်နှင့် မ‌ပေးဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ကြောင်း ရပ်ကွက်များအတွင်း လော်စပီကာဖြင့် လိုက်လံပြောဆို ဖိအားပေးပြီး လျှပ်စစ်မီတာခများကိုပေးဆောင်စေခဲ့သည်။

ထိုကဲ့သို့ လိုက်လံ၍ သတိပေးကြေညာပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းများက ခြိမ်းခြောက် မီတာဆောင်ခိုင်းခြင်း၊ မီတာခ မဆောင်သည့် အိမ်ကို မီးဖြတ်ခြင်း၊ မီတာပုံးဖြုတ်ခြင်း စသည့် ဖိအားပေးသည့်လုပ်ရပ်များကို နေရာအနှံ့အပြား ဆက်တိုက်လုပ်ဆောင်လာသည်။

စစ်ကောင်စီ၏ ပြည်သူ အပေါ် ဖိအားပေးခြိမ်းခြောက် မီတာဆောင်ခိုင်းသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မီတာရုံးများကို ဆက်လက်ဖိအားပေး မီတာဆောင်ခိုင်းခြင်း မပြုရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ်ဗုံးဖြင့် ဖောက်ခွဲမှု ပြုလုပ်ကာ သတိပေးသည့်အ‌နေဖြင့်လုပ်ဆောင်ကြသည်။

မီတာဆောင်ခြင်း မဆောင်ခြင်း ကိစ္စမှာလည်း ပြည်သူများကြား သဘောထားကွဲလွဲမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။ မီတာခများ ပေးဆောင်မည့်သူနှင့် မပေးဆောင်ဘဲ အာဏာရှင်တော်လှန်မည့်သူဟူ၍ သဘောထားကွဲလွဲမှုများ ရှိခဲ့ကြသည်။

ဖိအားပေး တောင်းခံမှုကြောင့် မီတာဆောင်ရသည့် ပြည်သူများနှင့် လျှပ်စစ်မီးဖြတ်တောက်မှုနှင့် မီတာပုံးဖြုတ်ယူသည်အထိ ဖိအားပေးမှုကြောင့်အလုပ်ရှုပ်မခံချင်သူများ​က မြို့နယ် အသီးသီးမှာရှိသည့် လျှပ်စစ်မီတာရုံးများတွင် မီတာခလာရောက်ပေးဆောင်သည့် ပြည်သူများနှင့် စည်ကားသွားခဲ့သေးသည်။

“မီတာမဆောင်ရင် မီးတွေလာဖြတ်မယ်လို့ လာပြောကြတယ်။ ကျနော်တို့က စစ်ကောင်စီအစိုးရကို လက်မခံလို့ ဘယ်အခွန်ကိုမှလည်း မဆောင်ဘူး။ မီတာလည်း ဆောင်မှာမဟုတ်ဘူး။ မီတာမဆောင်လို့ မီးဖြတ်ရင်လည်း ဖယောင်းတိုင် မီးနဲ့ နေမယ်။ ဆိုလာ ဝယ်သုံးမယ်ဗျာ။ ရှင်းရှင်းပြောရရင် စကစ(စစ်ကောင်စီ)ကို လုံးဝအသိအမှတ်မပြုလို့ ရတဲ့နည်းတဲ့ တော်လှန်ပုန်ကန်သွားမယ်။ ကျနော်တို့ ပြည်သူတွေ မီတာ မဆောင်ကြဘူးဆိုတာက တစ်နည်းအားဖြင့် ပြောရရင် တော်လှန်ပုန်ကန်တဲ့ နည်းတစ်ခုပဲ။ ကျနော်တို့ မိသားစုကတော့ ရှင်းတယ်။ မီးဖြတ်ခံရမှာဆိုးလို့ မီတာ ပေးဆောင်မဲ့အထဲမပါဘူး။ ခြောက်တိုင်းလည်း မကြောက်ဘူး။” ဟု မြောက်ဒဂုံ ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး ၁၁ လအကြာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နံနက် ၇ နာရီမှ ည ၁၁ နာရီအထိ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း စစ်ကောင်စီပိုင် သတင်းစာတွေမှ တစ်ဆင့် အသိပေးကြေညာထားသည်။

ဓာတ်အားသုံးစွဲမှု များပြားသည့် နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်းနဲ့ ညနေ ၅ နာရီမှ ည ၇ နာရီအတွင်း ဓာတ်အားစနစ် ထိန်းညှိရခြင်းနှင့် အများဆုံးဓာတ်အားထုတ်လုပ်ပေးနိုင်သည့် ပမာဏတွေထက် ကျော်လွန်ချိန်များ၌ ဝန်အားလျှော့ချပြီး မဖြစ်မနေလျှပ်စစ်ဝန်အား ထိန်းညှိခြင်းများကို ဆောင်ရွက်နေရခြင်းကြောင့် နေရာအချို့မှာ အချိန်ပိုင်း လျှပ်စစ်ပြတ်တောက်မှုတွေ ဖြစ်ပေါ်လျက်ရှိကြောင်း စစ်ကောင်စီလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“မီတာမဆောင်တုန်းကကျ ဆောင်ဖို့ခြိမ်းခြောက်တယ်။ မဆောင်ပဲနေတော့ လက်နက်တကားကားနဲ့ လမ်းထဲရောက်လာတယ်။ အဲ့တော့ ဆောင်လိုက်ရတယ်။ ဖေဖော်ဝါရီလ က စပြီး မဆောင်ထားရတာဆိုတော့ ပထမဆုံး ၅ လစာ ဆောင်လိုက်ရတယ်။ ကျွန်တော်ကတော့ အွန်လိုင်းကပဲ ဆောင်လိုက်တယ်။ ဖိအားပေးမှုကြောင့် ဆောင်ခဲ့ရတာ။ မီတာမဆောင်ကြဘူးဆိုတဲ့ အချိန်က မဆောင်ခဲ့ဘူး။ လက်နက်နဲ့ ခြိမ်းခြောက်လို့ မီတာဆောင်လိုက်တော့လည်း အခု မီးပျက်မယ် ဖြစ်ပြန်ရော။ လက်နက်ပြ ခြိမ်းခြောက်တဲ့ အပြင် လုပ်ချင်တိုင်းကို လုပ်နေတာ။ ဘာတတ်နိုင်မှာလဲ” ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

လူဦးရေ အများအပြား နေထိုင်သည့်အပြင်လျှပ်စစ်ဓာတ်အားသုံးစွဲမှု များပြားသည့် ရန်ကုန်မြို့ရှိ ရပ်ကွက်နှင့် မြို့နယ်အများစုမှာ နှစ်သစ်ကူးည ဒီဇင်ဘာလ ၃၁ ရက်နေ့ ကစပြီး လျှပ်စစ်မီး မကြာခဏပြတ်တောက်ခြင်း၊ ဆက်တိုက်မီးပြတ်ခြင်း၊ အချိန်ကြာကြာမီးပျက်ခြင်း ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“ထမင်းဟင်းချက်တာက အစ ရေတင်တာအဆုံး လျှပ်စစ်မီးနဲ့ အကုန်လုပ်နေရတာ။ မီးပျက်မယ်ဆိုတဲ့ သတင်းကို သူတို့ကြေညာတယ်ဆိုတာ သိလိုက်တယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေမှာ ပြဿနာတက်ကုန်တော့မှာပါ။ မီးမရှိရင် ဘာမှလုပ်မရဘူးလေ” ဟု လမ်းမတော်မြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

ပွင့်လင်းရာသီရောက်တိုင်း လျှပ်စစ်မီးပြတ်တောက်မှုတွေကို ရံဖန်ရံခါ ကြုံတွေ့တတ်ခြင်းမျိုးရှိ သော်လည်းစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယခုကဲ့သို့ မီးပြတ်တောက်မှုများ ကြုံတွေ့နိုင်ကြောင်း စစ်ကောင်စီ၏ ကြေညာချက်ထုတ်ပြန်လာသည့် အပေါ် ပြည်သူများအကြား မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့စေသည်။

“ပွင့်လင်းရာသီရောက်လာပြီဆိုတော့ အရင်ပုံမှန်နှစ်တွေကလည်း မီးတွေ ပြတ်လေ့ရှိပါတယ်။ ဒါပေမဲ့ အခု လျှပ်စစ်ထုတ်လွှတ်တဲ့ဓာတ်အား မနိုင်လို့ မီးတွေ ပြတ်မယ်လို့ ကြေညာတာကို မယုံဘူး။ မီတာတွေ မဆောင်ကြလို့ တမင်အကျင့်ယုတ်ပြီး မီးဖြတ်ပြတဲ့အကွက်လို့ ပဲ ကျနော်ကတော့ ထင်တယ်။ ကြားမိတာက LNG ဓာတ်အားပေးစက်ရုံတွေကို စစ်ကောင်စီက ပိုက်ဆံမပေးနိုင်တော့တာကြောင့် ရပ်လိုက်တာလို့ ကြားတယ်” ဟု ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ နေထိုင်သူတစ်ဦး ကပြောသည်။

NLDအစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများသည် စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း ရပ်ဆိုင်းသွား၍ နိုင်ငံ့ဓာတ်အားစနစ်အတွင်း လျှပ်စစ်ထုတ်လုပ်မှု ၁၈ ရာခိုင်နှုန်းလျော့ကျသွားသည်ဟု People Spring ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုသို့ရပ်ဆိုင်းသွားခြင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကုမ္ပဏီများကို ပေးချေရမည့် ငွေများမပေးနိုင်တော့၍ ကုမ္ပဏီများက လုပ်ငန်းရပ်ဆိုင်းခြင်းဖြစ်သည်ဟု စွမ်းအင်ကုမ္ပဏီနှင့်နီးစပ်သူတစ်ဦးက ပြောကြားထားသည်။

အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကမူ ပြည်ပက တင်သွင်းရသည့် ဓာတ်ငွေ့ဈေး လေးဆခန့်မြင့်တက်သွားခြင်းကြောင့် ရပ်တန့်ထားရသည်ဟု ဇန်နဝါရီ ၆ ရက်စွဲဖြင့် ထုတ်ပြန်ဝါဒဖြန့်ထားသည်။

လက်ရှိနေရာအနှံက ပြည်သူများအ‌နေဖြင့်မီးပြတ်တောက်သည့် အခက်အခဲများကို နေ့စဉ်နီးပါး ကြုံတွေလာနေကြရသည်။ လျှပ်စစ်မီးပြတ်တောက်သည့်အချိန်မှာလည်း ယခင်ကထက် အချိန်ပိုကြာမြင့်လာသည်ဟု သိရသည်။

စစ်ကောင်စီ၏လက်အောက်ခံ YESC Call Centerက မီးပျက်မည့်အကြောင်းနှင့် မီးပြတ်တောက်မည့် မြို့နယ်စာရင်းကို တစ်ရက်ကြိုထုတ်ပြန်လေ့ရှိသည်။ တစ်ခါတစ်ရံ ကြို၍ထုတ်ပြန်ထားခြင်း မရှိဘဲ မီးပျက်သည့် အခြေအနေရှိလာသည်ကို သိရသည်။

စစ်တပ်အာဏာသိမ်းပြီး ၁၁ လအကြာ ၂၀၂၂ နွေဦးကာလတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ မည်၍မည်မျှကြုံ‌ တွေ့ရဦးမည်ကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly