"စီမံကိန်းတိုင်းကို ကန့်ကွက်ပြီး တားဆီးနေတာ မဟုတ်ဘူး"

"စီမံကိန်းတိုင်းကို ကန့်ကွက်ပြီး တားဆီးနေတာ မဟုတ်ဘူး"

ရန်ကုန် (Myanmar Now) ။            ။ သဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်သူ၊ အောင်ပင်လယ် မဂ္ဂဇင်းအယ်ဒီတာချုပ် ဒေါ်ဒေဝီ သန့်စင်သည် ၂ဝ၁၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော မြန်မာအစိမ်းရောင် ကွန်ရက်၏ တာဝန်ခံ ဖြစ်သည်။ ကွန်ရက်၏ လုပ်ငန်းစဉ်များထဲတွင် ကျောက်မီးသွေးအသုံးပြုမှုနှင့် ပတ်သက်ပြီးလေ့လာရေး၊ ပညာပေးရေးတို့လည်း ပါဝင်သည်။

မကြာသေးခင်က Myanmar Now နှင့် တွေ့ဆုံစဉ် ၆၈ နှစ်အရွယ် ဒေါ်ဒေဝီသန့်စင်က ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ၏ ဘေးထွက်ဆိုးကျိုး၊ စက်ရုံဆောက်မည့်ဒေသရှိ ပြည်သူတို့၏ အသံအရေးပါမှု၊ အစိုးရသစ်လက်ထက်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒရှိသင့်ပုံတို့ကို ပြောပြခဲ့သည်။ သတင်းထောက် ကေဇွန်နွေးက ရန်ကုန်မြို့ရှိ အောင်ပင်လယ်မဂ္ဂဇင်း ရုံးခန်းသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကျောက်မီးသွေးစက်ရုံတွေကနေ ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်ပါသလဲ။

ကျောက်မီးသွေးကထွက်တဲ့ ဓာတ်ငွေ့ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ထက် လူတွေရဲ့ ကျန်းမာရေးကို ပိုမို ဒုက္ခပေးနိုင်တယ်။ အဲဒီဓာတ်ငွေ့မှာ အဆိပ်တွေဖြစ်တဲ့ ပြဒါး၊ ခဲ၊ ခရိုမိုက်လိုမျိုးတွေ ပါတဲ့အတွက် ကြောင့် လူတွေရဲ့အဆုတ်၊  နှလုံးနဲ့ ပတ်သက်တဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် လေဖြတ်တာ၊ ပန်းနာရင်ကြပ်စတဲ့ ဝေဒနာဆိုးတွေ ဖြစ်နိုင်တယ်၊ ကျောက်မီးသွေးကထွက်တဲ့ အမှုန် ဟာ လေထုထဲမှာ ခွင့်ပြုထားတာထက် ပိုများလာရင် လူငယ်တွေ သက်တမ်းမစေ့ဘဲ အသက်ဆုံးရှုံး တဲ့အထိ အန္တရာယ် ဖြစ်နိုင်တယ်။

တချို့နိုင်ငံတွေမှာလည်း သုံးနေကြတာပဲ မဟုတ်လား ဆရာမ။

နိုင်ငံတကာမှာ ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်တဲ့နေရာမှာ ဖြစ်ဖြစ်၊ ကျောက်မီးသွေးတူးပြီး စီးပွားရှာတာဖြစ်ဖြစ် ပိတ်သိမ်းနေကြတာတွေ များတယ်။ အရင်တုန်းကတော့ မရှိသုံး သုံးရတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ လျှပ်စစ်စွမ်းအင်နဲ့ ပတ်သက်ပြီး အစားထိုးစရာတွေ အများကြီးပဲ၊ အထူးသဖြင့် သဘာဝက ထုတ်ယူနိုင်တဲ့ ရေအား၊ နေစွမ်းအင်၊ လေစွမ်းအင်တွေနဲ့ အစားထိုးပြီးတော့ လူ့ရဲ့ အသက်အန္တရာယ်၊ ကျန်းမာရေး၊ ပတ်ဝန်းကျင် မထိခိုက်အောင် နည်းပညာအသစ်တွေ အသုံးပြုနေ တာ တွေ့ရတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ အစိုးရတွေက အဓိကထားပြီး စဉ်းစားသင့်တဲ့ ဘာသာရပ် တစ်ခု ဖြစ်တယ်။ မြန်မာပြည်တစ်ခုတည်း လုပ်လို့ မရဘူး။ ဘယ်တိုင်းပြည်မှာ ဖြစ်ဖြစ်Green Policy (ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒ)  ထည့်ပြီးတော့လုပ်မှ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားမျိုး နွယ်တွေအတွက် သက်တမ်းလည်း ရှည်ကြမယ်၊ ကမ္ဘာကြီးလည်း ကျန်းမာမယ်။  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ သဘာဝကပေးတဲ့လေထု၊ ရေထု၊ မြေထုပေါ်မှာ အခြေခံထားတာ။ လေကို ရှူနေရတယ်၊ ရေကိုသန့်ရှင်းမှုအတွက်၊ စိုက်ပျိုးရေးနဲ့ ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကိုသုံးနေရတယ်။ မြေဆိုရင်လည်းအိမ်ရာဆောက်နေရတယ်၊ စိုက်ပျိုးနေရတယ်။ ဒါကြောင့် ဒီရေထု၊ လေထု၊ မြေထုတွေ ညစ်ညမ်းကုန်ရင် လူတွေရဲ့ စားဝတ်နေရေးပါ ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနကို သီးသန့် ဝန်ကြီးဌာနအဖြစ် ထားသင့်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနဲ့ အရင်တုန်းက နှစ်ငါးဆယ်လုံးလုံး အဲဒီဝန်ကြီးဌာန မရှိခဲ့ဘူး။ အခုရှိပြန်တော့လည်း သစ်တောဝန်ကြီးဌာနနဲ့ တွဲထားတယ်၊ လူသားတွေအတွက် အခြေခံအကျဆုံး၊ အကျယ်ပြန့်ဆုံး ကိစ္စ္စ ရပ်ကြီး တစ်ခုအတွက် ဝန်ကြီးဌာန သီးသန့် ရှိသင့်တယ်။ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊  နိုင်ငံ ရေး အကုန်လုံးဟာ သဘာဝပတ်ဝန်းကျင်နဲ့ မလွတ်ကြဘူး။ အိန္ဒိယမှာ ၁၉၈ဝ တုန်းက ကြက်သွန် ၁ဝ ရူပီးကနေ ၈၈ ရူပီးဖြစ်သွားတဲ့အချိန်မှာ အင်ဒီရာဂန္ဒီ အစိုးရ ပြုတ်ကျသွားတယ်၊ အီဂျစ်မှာဆိုလည်း ဒီအတိုင်းပဲ၊ ကောက်ပဲသီးနှံဈေးတွေ တက်လာတဲ့အခါမှာ သမ္မတ မူဘာရက် ဒုက္ခရောက်တာပဲ၊  ပြည်သူတွေက ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်ကို မလိုချင်ကြဘူး။ ဒါပေမဲ့ ကမ္ဘာမှာလည်း ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် စိုက်ပျိုးရေးနိုင်ငံတွေ အရမ်းနစ်နာတယ်။ သဘာဝပတ်ဝန်းကျင်ရဲ့ ပြောင်းလဲ မုှတွေ၊ ဆုတ်ယုတ်မှုတွေက နိုင်ငံချင်း ဆက်စပ်နေတယ်၊ ဥပမာ အင်ဒိုနီးရှားမှာ တောမီးလောင်တယ်၊ သူ့ဟာသူမီးလောင်တာ (အိမ်နီးချင်း) မလေးရှားနဲ့ စင်ကာပူက ကျောင်းတွေပိတ်၊ လေယာဉ်ခရီးစဉ် တွေ ဖျက်ရတယ်၊ သဘာဝကိုက တောတောင်ရေမြေ၊ ပင်လယ်သမုဒ္ဒရာတွေကို ကာဆီးထားလို့ မရဘူး။ အဲ့ဒီအတွက်ကြောင့် နိုင်ငံတိုင်း Green Policy ရှိသင့်တယ်။ မဟုတ်ရင်ကမ္ဘာဟာဒီထက် အပူချိန်တွေ တက်လာမယ်၊ ရေခဲတောင်တွေ ပြိုမယ်၊ ပင်လယ်ရေတွေ မြင့်တက်လာမယ်။

အစိုးရသစ်လက်ထက်မှာပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သီးသန့်ဝန်ကြီးဌာနထားရှိပေးဖို့ လွှတ်တော်ထဲကတစ်ဆင့် တောင်းဆိုသွားဖို့ရှိပါသလား။ ဘာတွေ ပြင်ဆင်ထားပါသလဲ။

အဲဒါကတော့တောင်းဆိုရမှာပဲ၊ ဘယ်လိုအချက်အလက်တွေ ပြင်ဆင်ထားလဲဆိုရင် မြန်မာအ စိမ်းရောင် ကွန်ရက်အနေနဲ့ တိုင်းပြည်အတွက် လိုအပ်လာရင် ကျွမ်းကျင်တဲ့ ပညာတွေနဲ့ ပံ့ပိုးဖို့ဆိုပြီး တော့ စေတနာ့ဝန်ထမ်းအဖွဲ့ကို ပညာရှင်တွေနဲ့ ဖွဲ့ထားတယ်၊ အဆိုးရောအကောင်းရော ချပြမယ်၊ ဘယ်သူတာဝန်ပေးပေး မပေးပေး မြစ်ဆုံ၊ လက်ပံတောင်း၊ အခုနောက်ဆုံး ကျောက်မီးသွေးကိစ္စမှာ မြန်မာအစိမ်းရောင် ကွန်ရက်သည် အစိုးရနဲ့ ပြည်သူလူထုကြားမှာ ထိန်းညှိပေးတဲ့ အဖွဲ့ပဲဖြစ်တယ်၊ လိုအပ်တဲ့အခါ ရေတွေ၊ မြေတွေကို နိုင်ငံတကာ စံနှုန်းနဲ့ စမ်းပေးတယ်၊ ဒါတွေကို နိုင်ငံတော်သမ္မတ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေကို ပို့တယ်။ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးပြောရမှာ ပညာရှင်စစ်စစ်တို့ရဲ့တာဝန်ဖြစ်တယ်။ အဲ့ဒီလိုပြောခြင်းအားဖြင့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို အလေးထားပြီး ကာကွယ်ရာလည်း ကျတယ်။ မဟုတ်တာတွေလုပ်နေတာကို မထောက်ပြဘူးဆိုရင် တိုင်းပြည်နဲ့ပြည်သူအပေါ်မှာ ဒီပညာရှင်တွေဟာ သစ္စာဖောက်တာပဲလို့ မြင်တယ်။ 

အစိုးရသစ်လက်ထက်မှာ ဒီကျောက်မီးသွေး အသုံးပြုမှုနဲ့ ပတ်သက်ပြီး ဘယ်လို ပြောင်းလဲလာ နိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။

ကျောက်မီးသွေးကိစ္စကို လက်ရှိအစိုးရတောင်မှ Clean Coal Technology (သန့်စင်တဲ့ ကျောက်မီးသွေး နည်းပညာ) ဆိုပြီးတော့ သူက ပြောနေတယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင် အားလုံးကတော့ လက်မခံဘူး၊ ဘာကြောင့်လဲ။ အစိုးရဟာClean Government မဖြစ်သေးဘူး၊ လာဘ်စားမှုတွေက အများကြီး ရှိသေးတယ်၊ ဥပဒေတွေ  ထုတ်ပြန်ပေမဲ့ မျက်နှာကြီးရာ ဟင်းဖတ်ပါ နေတုန်းပဲ၊ ဥပမာသစ်နဲ့ ပတ်သက်ရင် တရုတ်တွေကို ဖမ်းပြလိုက်တယ်၊ပြီးတော့ ပြန်လွှတ်လိုက်တယ်၊ သဘောကမညီမျှတဲ့ ဥပဒေတွေနဲ့ဆိုတော့ ဒါကို လုပ်လို့ မရသေးဘူးပေါ့၊ ဂျပန်တွေနဲ့ တွေ့တဲ့အခါ ဒီကလူတွေ ပြောနေသလို ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းက ဘယ်လိုမှ Clean Coal မဖြစ်နိုင်ဘူးဆိုတာကို ဂျပန်တွေက ဝန်ခံတယ်၊ သူတို့က ကမ္ဘာမှာ နည်းပညာ အရမ်းလည်းကောင်းတယ်၊ ငွေကြေးလည်း တတ်နိုင်တယ်၊ သူတို့က ကျောက်မီးသွေးကို ပြန်လည် မွမ်းမံပြီး သန့်စင်အောင်၊ ပတ်ဝန်းကျင်ကို မထိ ခိုက်အောင် လုပ်ပြီးတော့မှ သုံးစွဲတာ ဖြစ်တယ်လို့ ပြောတယ်၊ ပင်လယ်ကိုလည်း အကာအကွယ်တွေ ပေးရတယ်၊ မြေအောက်ကိုလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထည့်ရတယ်၊ ကာဗွန်တွေ ကောင်းကင် ပြင်ကို ရောက်မသွားဖို့ မြေအောက်ထဲ သိုလှောင်တဲ့ပညာရပ်ကိုက အမေရိကမှာ သုသေတနလုပ်တာ နောက်ဆုံးတော့ အဲဒီသုတေသနလုပ်ငန်းကို ပိတ်လိုက်တယ်၊ ငွေရေးကြေးရေး မတတ်နိုင်တော့လို့။ မြန်မာပြည်အနေနဲ့ ဘယ်လိုမှ မလုပ်နိုင်ဘူး။ သာမန် ဘီယာလေး၊  ကြာဇံစက်ရုံလေးမှာ ဘာမှရှုပ်ထွေး တဲ့ စနစ်မပါတာတောင်မှ ထွက်တဲ့အနံ့အသက်နဲ့ စွန့်ပစ်ပစ္စည်း ကိစ္စတွေကို စက်မှုဇုန်တွေမှာ သေသေ ချာချာ မလုပ်ထားနိုင်ဘူး။

ကျောက်မီးသွေးအသုံးပြုမှု ရပ်တန့်သွားရေးအတွက် ဘာတွေ ဆက်ပြီးလုပ်ဖို့ စိတ်ကူးထား ပါသလဲ။

လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်သွားမယ်။ ဒီအစိုးရကိုလည်း စာတင်ပြီးပြီ၊ ပြောပြီးပြီ၊ ဒါပေမဲ့ သူတို့ ဆက်လုပ်တယ်၊ စာအုပ်တွေ ထုတ်ပြီးပြီ၊ ပြည်သူတွေကိုလည်း နားလည်အောင် အကောင်းအဆိုး ချပြပြီးပြီ။  ဒေသခံတွေက လက်ခံမှဖြစ်မှာ။ ဒေသခံတွေ သဘောပေါက်အောင် သူတို့ကို သင်တန်းတွေ၊ ပညာပေးမယ်၊ စာအုပ်တွေနဲ့ နားလည်အောင် လုပ်ပေးမယ်ဆိုရင်၊ ဒါသူတို့ ကိုယ်တိုင် လက်မခံဘူးဆိုရင် ဒီမိုကရေစီ စစ်စစ်နိုင်ငံတွေမှာ ပြည်သူလူထုရဲ့ အသံ ပြည်သူလူထုက မကြိုက်ဘူး၊ မလိုချင်ဘူးဆိုရင် အဲ့ဒီအစိုးရအနေနဲ့ လုပ်ကို မလုပ်သင့်ဘူး။ 

ကျောက်မီးသွေး ဘေးထွက်ဆိုးကျိုးတွေကို ကျောက်မီးသွေးနဲ့ ပတ်သက်တဲ့ စီမံကိန်း နယ်မြေ က ဒေသခံတွေ သိကြပါသလား။

သိတယ်၊ သူတို့သိတယ်၊ မိုင်းနင်းအင်ဂျင်နီယာတွေ၊ စာအုပ်တွေကတစ်ဆင့်၊ သင်တန်းတွေက တစ်ဆင့် သူတို့သိတယ်။သိသွားတဲ့အခါမှာကုမ္ပဏီကဆင်းမယ်၊ Clean Coal အကြောင်းပြောမယ်၊ တစ်ခါ အစိုးရကလာပြီး အလုပ်တွေရမယ်ဆိုပြီး ညှိနှိုင်းမယ်ဆိုရင် သူတို့က မေးခွန်းတွေ ပြန်မေးတတ် တယ်၊ ဒါဟာ အရေးအကြီးဆုံးပဲ။ ပညာရှင်တွေ လက်ခံတာ၊ လက်မခံတာထက် ဒေသခံတွေက တကယ် သဘောပေါက်ပြီး တော့သူတို့အတွက် ဆိုးကျိုးတွေကို သိပြီးတော့ တားမြစ်တာဟာ ပိုပြီး တော့ သဘာဝကျတယ်။

မြန်မာနိုင်ငံမှာ ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အကျိုးဆက်တစ်ခုကို ပြောပါရှင့်။

ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့မှာ တီကျစ်ကျောက်မီးသွေး စက်ရုံရှိတယ်၊ ဒေသရဲ့ ပတ်ဝန်း ကျင် ညစ်နွမ်းသွားတယ်ဆိုတာ မျက်မြင်ကိုယ်တွေ့။ သူတို့ အရင်သုံးခဲ့တဲ့၊ စိုက်ပျိုးခဲ့တဲ့၊  ချိုးခဲ့တဲ့ သန့်ရှင်းတဲ့ရေတွေဟာ အရင်က ဒီအရောင်မဟုတ်ပါဘူး၊ အခုခါမှာ ဒီရေတွေကို ခပ်တဲ့အခါမှာ အောက်မှာ အနည်အမှုန်အမည်းတွေ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။ ရေလှောင်ကန်တွေမှာ ဆိုရင်လည်း အမှုန်အမည်းတွေ၊ ဒါတောင်မှ ဒေါ်လေးတို့သွားတုန်းက စက်ရုံတွေ နားထားတဲ့အချိန် ဖြစ်တယ်။ စက်ရုံ မနားထားတဲ့အချိန်သာဆိုရင် အနံ့အသက်တွေရော မသန့်ရှင်းတဲ့လေပါ ရှူရတော့ မှာလေ၊ အခုဆိုရင် အဲ့ဒီမှာ ကလေးပျက်ကျနှုန်းက များတယ်လို့ သိခဲ့ရတယ်။

စီမံကိန်းတိုင်းကို ကန့်ကွက်ပြီး တားဆီးနေတာ မဟုတ်ဘူး၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ်၊ ကျောက်မီး သွေး ကိစ္စပဲဖြစ်ဖြစ်၊ ဒါဟာ တိုင်းပြည်နဲ့ ပြည်သူကို ကောင်းကျိုးထက် ဆိုးကျိုးကို ပိုပြီးတော့ ဖြစ်စေ တာကြောင့် ပြည်သူလူထုက မလုပ်ချင်ဘဲ၊ ဆန္ဒမပါဝင်ဘဲ ဖြစ်တဲ့ကိစ္စတွေမို့ တိကျတဲ့ အချက်အလက် တွေနဲ့ ဝိုင်းဝန်း ပံ့ပိုးကူညီပြီး ပြည်သူနဲ့အတူ ရပ်ပေးနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly