စစ်တပ်က ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ကချင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌတို့ကို မတရားထောင်ဒဏ်များချ

စစ်တပ်က ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ကချင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌတို့ကို မတရားထောင်ဒဏ်များချ
ပုံစာ - စစ်ကောင်စီ၏ ထောင်ဒဏ်ချမှတ်ခြင်းခံရသည့် သံယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်။

ဇန်နဝါရီလ ၅ရက်

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌတို့ကို စစ်တပ်၏ ထောင်တွင်း အထူးတရားရုံးများက မတရား ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများ ထံက စုံစမ်းသိရသည်။

ကချင်ပြည်နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးမြသိန်းသည် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ (၂၅) အရ ပြစ်မှုအလုံးစုံ အတွက် ထောင်ဒဏ် တစ်နှစ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ချမှတ်ခံခဲ့ရသည်။

ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်းသည်လည်း အဆိုပါနေ့တွင်ပင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅ ) အပါအဝင် ပုဒ်မ သုံးခုအတွက် ပုဒ်မတစ်ခုစီကို ထောင်ဒဏ် တစ်နှစ် စီဖြင့် စုစုပေါင်း ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရသည်။ ၎င်းသည် စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် မတရား စွဲဆိုထားသော အမှုကိုလည်း ရင်ဆိုင်ရအုံးမည် ဖြစ်သည်။

ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းသည်လည်း မတရားအသင်း ဆက်သွယ်မှုဆိုင်ရာ အက်ဥပဒေပုဒ်မ ၁၇ (၁ ) ဖြင့် အဆိုပါ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ပင် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရသည်။ အာဏာသိမ်း စစ်တပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် မတရား စွဲထားသည့်အမှုလည်း ကျန်ရှိနေသေးသည်။

ထို့အပြင် ပြည်နယ်၏ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်း နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါ့ရှီလဆိုင်း တို့သည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်၏ မတရားစွဲဆို ထောင်ချခြင်းကို ခံခဲ့ရသည်။

ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းသည် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရပြီး လက်ရှိ မြစ်ကြီးနား အကျဥ်းထောင်တွင် ရှိနေသည်။ ၎င်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် စစ်တပ်က မတရားစွဲဆို ခံထားရသည့်အမှု ကျန်ရှိနေသေးသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါ့ရှီလဆိုင်းသည် ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် နှစ်နှစ် ချခံရပြီး စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် မတရားစွဲထားသည့်အမှု ကျန်ရှိနေသေးသည်။

အာဏာသိမ်း စစ်ကောင်စီသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးများ ကိုမှု လက်ရှိအချိန်ထိ ဖမ်းဆီးခြင်း မရှိသည့်အပြင် တရားစွဲဆိုထားခြင်းမျိုးလည်း မရှိပေ။

ဗန်းမော်အကျဉ်းထောင်၌ ဖမ်းဆီးခံထားရသော ကချင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌကြီး ဦးထွန်းတင် ကိုလည်း ပြစ်မှုပုဒ်မ စွဲဆိုခြင်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly