ကာစီနိုအလုပ်သမားသမဂ္ဂခေါင်းဆောင်ကို ကမ္ဘောဒီးယားရဲ ဖမ်းဆီး 

ကာစီနိုအလုပ်သမားသမဂ္ဂခေါင်းဆောင်ကို ကမ္ဘောဒီးယားရဲ ဖမ်းဆီး 
Photo - AFP

ဇန်နဝါရီ ၅

ကမ္ဘောဒီးယားနိုင်ငံမှာ ဟောင်ကောင်မှတ်ပုံတင်ကုမ္ပဏီဖွင့်လှစ်တဲ့ လောင်းကစားရုံမှာ အလုပ်ထုတ်ခံရတာကို ဆန့်ကျင်ကန့်ကွက်တဲ့ အလုပ်သမားရာပေါင်းများစွာ ဆန္ဒပြကြချိန် အင်္ဂါနေ့က ကာစီနိုအလုပ်သမားသမဂ္ဂခေါင်းဆောင်နဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပါတယ်။ 

ဖနွမ်းပင်က Nagacorp Ltd ရဲ့ ကာစီနိုနဲ့ ဟိုတယ်လုပ်ငန်းက အလုပ်သမားများ သမဂ္ဂခေါင်းဆောင် အမျိုးသမီးဖြစ်သူ ချမ်ဆီသာဟာ ဆန္ဒပြရာဆီရောက်ချိန်မှာ အရပ်ဝတ်ရဲတွေက ကားထဲဆွဲသွင်းသွားတာလို့ ဖြစ်ပွားရာဆီ‌ ရောက်ရှိတဲ့ အေအက်ဖ်ပီသတင်းထောက်တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ် COVID-19 ကပ်ဘေးအတွင်း အလုပ်ဖြုတ်ခံကြရတဲ့ အလုပ်သမား ၃၆၅ ဦးကို အလုပ်ပြန်လည်ခန့်ထားဖို့ အလုပ်သမား ရာပေါင်းများစွာက တောင်းဆိုခဲ့ကြတာပါ။ 

သမဂ္ဂခေါင်းဆောင် ချမ်ဆီသာရဲ့ သမဂ္ဂဝင်နှစ်ဦးကိုလည်း အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ 

ပြီးခဲတဲ့လကစတင်တဲ့ အလုပ်သမားသပိတ်ဟာ တရားမဝင်တာကြောင့် ဆူပူအောင်လှုံ့ဆော်မှုနဲ့ သူတို့သုံးဦးကို အလိုရှိနေကြောင်း ဖနွမ်းပင်လက်ထောက်ရဲမှူး ဘန်ဆိုဆီခါက ပြောပါတယ်။ 

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ဖနွမ်းပင်တရားရုံးဟာ အလားတူ ကာစီနိုသပိတ်မှာ ပါဝင်မှုကြောင့် ဆူပူအောင်လှုံ့ဆော်မှုနဲ့ လူခြောက်ဦးကို ထောင်ချလိုက်ပါတယ်။ 

ဆန္ဒပြကြသူတွေကတော့ သူတို့ဟာ သင့်တင့်တဲ့လျော်ကြေးမရတာကြောင့် တောင်းဆိုချက်တွေ ဖြည့်ဆည်းပေးတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အေအက်ဖ်ပီကို ပြောကြပါတယ်။ 

“ကျွန်တော်တို့ ဆက်ပြီး ဆန္ဒပြတောင်းဆိုသွားမှာပါ၊ ကျွန်တော်တို့ရဲ့ ထမင်းအိုးကို ကာကွယ်ဖို့ ကျွန်တော်တို့ ဒကို ရောက်နေကြတာပဲ”လို့ အသက် ၂၆ နှစ်ရှိ လိုင်လောင်ဟန်းဆိုတဲ့ ဆန္ဒပြသူတစ်ဦးက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly