မြောက်ဥက္ကလာပ မြို့နယ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးနှစ်ကြိမ်ကွဲ

မြောက်ဥက္ကလာပ မြို့နယ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးနှစ်ကြိမ်ကွဲ

ဇန်နဝါရီ ၅

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ တွင် ဗုံး နှစ်ကြိမ် ပေါက်ကွဲခဲ့ကြောင်း အဆိုပါနေရာ အနီးအနား နေထိုင်သူများထံက သိရသည်။

''ဗုံးနှစ်ကြိမ် ကွဲတယ်။ မနက် ၅ နာရီ ၅၀ မှာ တစ်ကြိမ်ကွဲတယ်။အဲဒီနောက် စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးမှုးနဲ့ လမ်းမှူး တို့လာတဲ့အချိန် ၆ နာရီ ၄၇ လောက်မှာ ချိန်ကိုက်ဗုံး နောက်တစ်ကြိမ် ထပ်ကွဲတယ်” ဟု အဆိုပါရပ်ကွက် အနီးရှိသူက ပြောသည်။

ထိခိုက်ပျက်စီးမှုနှင့် ဒဏ်ရာရရှိမှု အခြေအနေများကိုမူ မဇ္ဈိမက မသိရသေးပေ။

ပေါက်ကွဲမှု ဖြစ်သည့် နေရာ အနီးအနား ရပ်ထားသည့် ကားများပေါ်ရှိ မှတ်တမ်းကင်မရာများနှင့် Mini Mart အတွင်းမှ CCTV များကို စစ်တပ်က ဖြုတ်ယူသွားပြီး အနီးရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် မသင်္ကာသူ ငါးဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ထို့ပြင် အဆိုပါ ရပ်ကွက် ဈေးထိပ်မှ စတင်ကာ အထက (၄) ကျောင်းထိပ်အထိ စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေပြီး မိုင်းရှင်းစက်များဖြင့် မိုင်းရှင်းလင်းခဲ့သည်ဟု ဆိုသည်။

ယခု ရက်ပိုင်းတွင် မြောက်ဥက္ကလာ မြို့နယ်ထဲတွင် ပစ်ခတ်မှု ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်နေပြီး ယမန်နေ့ည ၈ နာရီ ၅၀ မိနစ်ကျော်တွင်လည်း မြောက်ဥက္ကလာပနှင့် မြောက်ဒဂုံ ကို ဆက်သွယ်ထားသော ငမိုးရိပ်တံတား (ဗိုလ်ဗထူး) ရှိ ကင်းစခန်းနှင့် ည ၉ နာရီ ဝန်းကျင်တွင် ကန်သာယာလမ်းဆုံအနီးတို့၌ ဗုံးများ ပေါက်ကွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly