တရုတ်က ရှားပါးမြေသတ္ထုကို လက်ဝါးကြီးအုပ်ထားခြင်းက အမေရိကန်ပြိုင်ဖက်အပေါ် အနိုင်ဖဲဖြစ်နေ

တရုတ်က ရှားပါးမြေသတ္ထုကို လက်ဝါးကြီးအုပ်ထားခြင်းက အမေရိကန်ပြိုင်ဖက်အပေါ် အနိုင်ဖဲဖြစ်နေ

ကမ္ဘာပေါ်တွင် အသာစီးရနိုင်ရေး အမေရိကန်နှင့် ယှဉ်ပြိုင်ရာတွင် ရှားပါးမြေသတ္ထုနှင့်ပတ်သက်၍ လက်ဝါးကြီးအုပ်ထားနိုင်ခြင်းသည် တရုတ်အတွက် နိုင်ဖဲတစ်ချပ်အဖြစ်အသုံးချကာ ကုန်သွယ်ရေးကို လက်နက်အဖြစ် အသုံးချရန် လိုလားနေသည်ကို တွေ့မြင်ရကြောင်း လေ့လာသူများက သုံးသပ်သည်။

တရုတ်က ရှားပါးမြေသတ္တုလုပ်ငန်း အဓိကကုမ္ပဏီကြီး ၃ ခုဖြစ်သည့် Minmetals Rare Earth၊ Chinalco Rare Earth " Metals နှင့် China Southern Rare Earth Group တို့ကို ပေါင်းစည်းရန် ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ကြေညာခဲ့သော်လည်း ကုမ္ပဏီသစ်အမည်ကို မပေးရသေးကြောင်း Asia Times သတင်းတွင် ဖော်ပြသည်။

ရှားပါးမြေသတ္ထုသည် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ၊ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများအတွက် လိုအပ်သော အဆင့်မြင့်နည်းပညာသုံး သတ္ထုစပ်များဖြစ်သည်။

ကုမ္ပဏီသစ်၏ အမည်ကို ယခုလအတွင်း ကြေညာနိုင်ဖွယ်ရှိသလို ကုမ္ပဏီ၏ ရုံးချုပ်အား သဘာဝရင်းမြစ်များ ပေါများရာ နိုင်ငံတောင်ပိုင်း ကျန်ရှီးပြည်နယ်တွင် ဖွင့်လှစ်သွားနိုင်ဖွယ်ရှိသည်။

ထို့ပြင် China Minmetals Corporation၊ Aluminum Corporation of China ၊ Ganzhou Rare Earth Group Company တို့သည်လည်း လုပ်ငန်းများ ပူးပေါင်းလိမ့်မည်ဖြစ်သည်။ 

အနောက်နိုင်ငံကုမ္ပဏီများနှင့် ယှဉ်ပြိုင်မှု မြင့်တက်လာချိန်တွင် လုပ်ငန်းများကို ယင်းကဲ့သို့ ပူးပေါင်းလိုက်ခြင်းကြောင့် တရုတ်အစိုးရက ဈေးနှုန်းထိန်းချုပ်မှုများကို ပိုမိုလုပ်ဆောင်နိုင်ပြီး တရုတ်ကုမ္ပဏီများအတွက် အမြတ်အစွန်းများ မြင့်တက်လာစေမည်ဖြစ်သည်။

တိုက်လေယာဉ်များ၊ ကြိုးမဲ့နားကြပ်များ၊ လေစွမ်းအင်သုံး တာဘိုင်များအစရှိသည့် အဆင့်မြင့်နည်းပညာသုံး ပစ္စည်းများအတွက် လိုအပ်သည့် ရှားပါးမြေသတ္ထုကို တရုတ်က လက်ဝါးကြီးအုပ်မည်ကို အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ပိုမိုစိုးရိမ်လာကြသည်။

တရုတ်အနေဖြင့် ၎င်း၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်ဟု ယူဆသော နိုင်ငံများသို့မဟုတ် ကုမ္ပဏီများသို့ ရှားပါးမြေသတ္တု တင်ပို့မှုအား တားမြစ်ဟန့်တားခြင်းကို လုပ်ဆောင်နိုင်ကြောင်း မော်စကိုအခြေစိုက် ရုရှားပညာရှင်တစ်ဦးဖြစ်သူ ဂါဘရီရယ် ဟွန်ရာဒါက ပြောကြားသည်။

“တရုတ်က ရှားပါးမြေသတ္ထုကို လက်ဝါးကြီးအုပ်ပြီး ကမ္ဘာကို လွှမ်းမိုးနိင်ဖို့အတွက် ပြိုင်ဘက် အမေရိကန်အပေါ် အနိုင်ကဒ်အဖြစ် အသုံးပြုလာနိုင်သည်”ဟုလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly