တိဗက်၏ ရာသီဥတုအကျပ်အတည်းနှင့်တရုတ်ကွန်မြူနစ်ပါတီ၏ တာဝန်

By Providence
01 January 2022
တိဗက်၏ ရာသီဥတုအကျပ်အတည်းနှင့်တရုတ်ကွန်မြူနစ်ပါတီ၏ တာဝန်

ဒီဇင်ဘာ ၁၀ ရက်သည် ၁၄ ဆက်မြောက် တိဗက်ဘာသာရေးခေါင်းဆောင်ဒလိုင်းလားမားအား နိုဘယ်ငြိမ်းချမ်းရေးဆုပေးအပ်သည့် ၃၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။ တိဗက်နှင့် ကွန်မြူနစ်တရုတ်တို့အကြား ပဋိပက္ခသည် နိုင်ငံတကာက ၁၀ စုနှစ်များစွာ ကြာသိထားသည့် ပြဿနာတစ်ခု ဖြစ်သည်။

ဒလိုင်းလားမားသည် ၁၉၅၉ ခုနှစ်တွင် အိန္ဒိယသို့ တိမ်းရှောင်သွားကတည်းက တိဗက်တွင် အုပ်ချုပ်မှု၊ အချုပ်အခြာအာဏာနှင့် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အငြင်းပွားမှုများ ဆက်လက် ကြီးထွားလာကာ ဖြေရှင်းရန် အလှမ်းဝေးနေဆဲဖြစ်သည်။

သို့သော် တိဗက်လူမျိုးများ၏ သတ္တိရှိရှိရုန်းကန်မှုသည် လက်ရှိတွင် အမှုထားစရာကိစ္စဖြစ်နေသလို အရေးတကြီး ဂရုစိုက်ရန်လိုအပ်သည့် နောက်ပြဿနာတစ်ခုမှာ တိဗက်ရှိ ရာသီဥတုအကျပ် အတည်းဖြစ်သည်။

ပြီးခဲ့သည့်လက ဂလက်စ်ဂိုးမြို့တွင်ပြုလုပ်သည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP26) တွင် သိသိသာသာ ပျက်ကွက်သူမှာ ကမ္ဘာ့လေထုကို အညစ်ညမ်းဆုံးကို ဖြစ်စေသည့် တရုတ် နိုင်ငံမှ သမ္မတ ရှီကျင့်ဖျင်ဖြစ်သည်။

ရှီ၏ ပျက်ကွက်မှုအပေါ် ကျယ်ပြန့်စွာ ဝေဖန်ခဲ့ကြသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှုအများဆုံးနိုင်ငံဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးထားသော်လည်း ၎င်း၏ CO2 ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ဆက်လက်မြင့်တက် နေဆဲဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် တိဗက်ကို အုပ်ချုပ်ရုံသာမက အဆိပ်သင့်အညစ်အကြေးများ စွန့်ပစ်ရာမြေအဖြစ် ထိုဒေသကို အသုံးချခဲ့သည်။ တိဗက်သည် ကာဗွန်ကို သိုလှောင်ပြီး လေထုထဲသို့ မထွက်အောင် တားဆီးသည့် ကမ္ဘာ့အကြီးဆုံး အစဉ်အေးခဲနေသော နက်ရှိင်းမြေလွှာများအနက်တစ်ခု ဖြစ်သည်။

တိဗက်တွင် နျူကလီးယားတွင်းထွက်သတ္တုတူးဖော်ခြင်းနှင့် လီသီယမ်တူးဖော်ခြင်းအပါအဝင် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများဆောင်ရွက်ချက်များကြောင့်မုတ်သုံစက်ဝန်းကို ဆိုးရွားစွာ သက်ရောက်နေပြီး ကြီးမားသော ကာဗွန်ခြေရာကို ဖြစ်စေသည်။

ရေကြည်ရာမြက်နုရာရွှေ့ပြောင်းသွားလာသော ဘဝနေထိုင်မှုပုံစံအပေါ် တရုတ်ကန့်သတ်ချက်များက တိဗက်ရွှေ့ပြောင်းများနှင့် ၎င်းတို့၏ မြေယာများကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ 

တိဗက်ကုန်းပြင်မြင့်ကို တိဗက်လူမျိုးများအတွက်သာမက ကမ္ဘာမြေတစ်ခုလုံး၏ သဘာဝပတ်ဝန်းကျင်ကျန်းမာရေးအတွက်ပါ ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ဒလိုင်းလားမားက အမြဲအလေးပေး ပြောကြားခဲ့သည်။ ကမ္ဘာ့တတိယဝင်ရိုးစွန်းသည် ခြိမ်းခြောက်ခံနေရသည်။

ဒလိုင်းလားမားသည် တိဗက်၏ ရာသီဥတုအကျပ်အတည်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများအဖြစ် တိဗက်၏ရေခဲမြစ်များ အရည်ပျော်မှု၊ သစ်တောများအကြီးအကျယ်ပြုန်းတီးမှုနှင့် မြစ်အပေါ်ဆည်များတည်ဆောက်မှုတို့ကို ကိုးကားဖော်ပြခဲ့သည်။

ဒလိုင်းလားမား၏ ပြောဆိုမှုများသည် တရုတ်ကွန်မြူနစ်ပါတီ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပေါ့ဆမှု၏ ဆိုးရွားသော အကျိုးဆက်များကို ကမ္ဘာကြီးအား သတိပေးရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly