အုပ်ချုပ်ရေးမှူးက သတင်းခန်းကို ဝင်ရောက်ဖမ်းဆီးပြီးနောက် ဟောင်ကောင်တွင် စာနယ်ဇင်းလွတ်လပ်ခွင့် အဆုံးသတ်

အုပ်ချုပ်ရေးမှူးက သတင်းခန်းကို ဝင်ရောက်ဖမ်းဆီးပြီးနောက် ဟောင်ကောင်တွင် စာနယ်ဇင်းလွတ်လပ်ခွင့် အဆုံးသတ်

ဟောင်ကောင်ရှိ လွတ်လပ်သော မီဒီယာ Stand News ရုံးကို မကြာသေးမီက ဝင်ရောက်စီးနင်းမှုအား ရှုတ်ချ ကြောင်း၊ ဟောင်ကောင် အုပ်ချုပ် ရေးမှူး ကယ်ရီလမ်က ဟောင်ကောင်သတင်းလွတ်လပ်ခွင့်ကို သိမ်းပိုက်နေကြောင်းနှင့် ထိန်းသိမ်းခံထားရသော သတင်းထောက်အားလုံးကို လွှတ်ပေးရန် အာဏာပိုင်များကို ပါရီအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က တောင်းဆိုခဲ့သည်။

ဟောင်ကောင်အာဏာပိုင်များသည် Stand News ရုံးကို ဝင်ရောက်စီးနင်းကာ လက်ရှိနှင့် ဝန်ထမ်းဟောင်းများကို ဖမ်းဆီးခဲ့သည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) က ကြေညာချက်တွင် Stand News စီးနင်းမှုနှင့် ဒီမိုကရေစီလိုလားသော Apple Daily အား ယခုနှစ်အစောပိုင်းက ဖြိုခွင်းမှုတို့အား နှိုင်းယှဉ်ပြောကြားခဲ့သည်။

Next Digital အုပ်စုနှင့် ၎င်း၏ အထင်ကရ သတင်းစာဖြစ်သော Apple Daily ကို ဖျက်သိမ်းပြီး ၆ လ တိတိအကြာတွင် ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်က Stand News ကို အလားတူပုံစံဖြင့် ဖယ်ရှားခဲ့ပြီး ဟောင်ကောင်တွင် သတင်းလွတ်လပ်ခွင့်ကို အဆုံးသတ်ရန် သူမ၏ ဆုံးဖြတ်ချက်ကို ထပ်မံပြသခဲ့ကြောင်း နယ်စည်း မခြား သတင်းထောက်များအဖွဲ့(RSF) ၏ အရှေ့အာရှဗျူရိုအကြီးအကဲ ဆီဒရစ် အယ်ဗီရာနီက ပြောကြားခဲ့သည်။

“သတင်းထောက်များအားလုံးကို လွှတ်ပေးရန်၊ ဒီမိုကရေစီနိုင်ငံများအား ယင်းတို့၏ ကိုယ်ပိုင်တန်ဖိုးများ၊ တာဝန်များနှင့်အညီ လုပ်ဆောင်ရန်၊ နောက်ထပ် သတင်းဌာနတစ်ခုကို စီးနင်းပြီး တရုတ်က သတင်းအချက်အလတ်မထိန်းချုပ်မီ ဟောင်ကောင်ရှိ ကျန်ရှိနေသေးသော လွတ်လပ်သောစာနယ်ဇင်းများကို ခုခံကာကွယ်ရန် တောင်းဆိုခဲ့သည်" ဒီမိုကရေစီလိုလားသော Apple Daily သတင်းစာကို ပိတ်သိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ဟောင်ကောင်အခြေစိုက် အခြားမီဒီယာကုမ္ပဏီတစ်ခုဖြစ်သည့် Stand News က ၇ နှစ်ကြာ လုပ်ငန်း လည်ပတ်မှုကို ရပ်ဆိုင်းကာ ဖော်ပြထားသည့် အကြောင်းအရာအားလုံးကို ဖယ်ရှားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဒီဇင်ဘာ ၂၉ရက်တွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး လူ ၇ ဦး ဖမ်းဆီးခံရပြီးနောက် နာရီပိုင်းအကြာတွင် ယခုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဟောင်ကောင်ဒေါ်လာ ၆၁ သန်း တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို အာဏာပိုင်များက ထိန်းချုပ်ခဲ့ကြောင်း Hong Kong Free Press က ဖော်ပြခဲ့သည်။

အဆိုပါနေ့အစောပိုင်းတွင် Stand News ရုံးများကို ဝင်ရောက်စီးနင်းရန် အမျိုးသားလုံခြုံရေးရဲအရာရှိ  ၂၀ဝ ကျော်ကို ဖြန့်ကျက်ချထားခဲ့သည်။

ဟောင်ကောင်အွန်လိုင်းမီဒီယာကုမ္ပဏီ၏ လက်ရှိ သို့မဟုတ် ယခင် အကြီးတန်းဝန်ထမ်း ၇ ဦးခန့်သည် ဆူပူအုံကြွမှုဖြစ်စေသော စာပေများကို ထုတ်ဝေရန် ပူးပေါင်းကြံစည်မှုကြောင့် ကိုလိုနီခေတ်ရာဇဝတ်မှုဆိုင်ရာ ဥပဒေကို ဖောက်ဖျက်သည်ဟု သံသယဖြင့် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျေမီလိုနှင့် Apple Daily ၏ အခြားဝန်ထမ်းဟောင်း ၆ ဦးတို့သည် တရုတ် အစိုးရက ပြဌာန်းထားသော အမျိုးသားလုံခြုံရေးဥပဒေအရ ဆူပူအုံကြွမှု စွဲချက်တစ်ခုနှင့် ထပ်မံ ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly