တရားစွဲဆိုခံထားရသည့် ဟောင်ကောင်သတင်းအယ်ဒီတာဟောင်းများ အာမခံမရ

တရားစွဲဆိုခံထားရသည့် ဟောင်ကောင်သတင်းအယ်ဒီတာဟောင်းများ အာမခံမရ

ဟောင်ကောင်တွင် ဝင်ရောက်စီးနင်းခံလိုက်ရသည့် စီးပွားဖြစ်မဟုတ်သော သတင်းဌာန Stand News ၏ အယ်ဒီတာ ၂ ဦးအား တရားရုံးက အာမခံပေးရန် ငြင်းဆိုလိုက်ပြီး ၎င်းတို့အား ဆူပူသောင်းကျန်းသော စာပေများ ထုတ်ဝေရန် ပူးပေါင်းကြံစည်မှုဖြင့် တရားဝင် စွဲချက်တင်ခံရပြီးနောက် ဆက်လက်ထိန်းသိမ်းထားရန် အမိန့်ထုတ်ထားကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါ သတင်းဌာန၏ အသက် ၅၂နှစ်အရွယ် အယ်ဒီတာချုပ်ဖြစ်သူ ချုပေ့ခွန်ကို ရဲတပ်ဖွဲ့က ညပိုင်းတွင်ဖမ်းဆီးခဲ့ပြီး နောက် ဒီဇင်ဘာ ၃၀ရက်မွန်းလွဲပိုင်းတွင် အနောက်ကွမ်းလုံတရားရုံးများသို့ ခေါ်ဆောင်လာခဲ့သည်။

ချုပေ့ခွန်နှင့်အတူ တရားစွဲခံရသည့် ယာယီအယ်ဒီတာချုပ်အဖြစ်မှ မကြာသေးမီက နုတ်ထွက်ခဲ့သော အသက် ၃၄ နှစ်အရွယ် ပက်ထရစ်လမ်သည် ကျန်းမာရေးအကြောင်းပြချက်ဖြင့် ရုံးတော်သို့ မလာရောက်ခဲ့ကြောင်း Hong Kong Free Press က ဖော်ပြခဲ့သည်။ 

ကိုလိုနီခေတ် ရာဇဝတ်မှုဆိုင်ရာ ဥပဒေ ကို ဖောက်ဖျက်သည်ဟု သံသယဖြင့် ဒီဇင်ဘာ ၂၉ရက်တွင် အယ်ဒီတာ ၂ ဦးအပါအဝင် အများအပြား ဖမ်းဆီးခံခဲ့ရသည်။ 

အခြားဖမ်းဆီးခံရသူများထဲတွင် ကွန်တုံပေါ့အဆိုတော် ဒန်နီဟို၊ ထင်ရှားသောရှေ့နေ မာဂရက်ငယ်နှင့် Stand News ၏ ဒါရိုက်တာဟောင်းများဖြစ်သည့် ခရစ်စတင်ဖန်နှင့် ချောတက်ချီ တို့ပါဝင်သည်။

၎င်းတို့အား ဒီဇင်ဘာ ၃၀ရက် နေ့မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Stand News ကိုပိုင်ဆိုင်သည့် Best Pencil (Hong Kong) Limited နှင့် ချုနှင့် လမ်တို့သည် အခြားသူများနှင့် အတူ ပူးပေါင်းကြံစည်ကာ ဆူပူအုံကြွမှုဖြစ်စေသော စာပေများကို ထုတ်ဝေရန် သို့မဟုတ် ပြန်လည် ထုတ်လုပ်ရန် စွပ်စွဲခံနေရကြောင်း ရဲစွဲချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းဖမ်းဆီးခြင်းနှင့် ပတ်သက်၍ အနောက်နိုင်ငံများမှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီး သတင်းစာပညာသည် ဆူပူလှုံ့ဆော်မှုမဟုတ်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly