Apple က ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံ ရောက်ရှိတဲ့ ပထမဆုံး အမေရိကန်ကုမ္ပဏီ ဖြစ်လာ

Apple က ဈေးကွက်တန်ဖိုး ဒေါ်လာ ၃ ထရီလီယံ ရောက်ရှိတဲ့ ပထမဆုံး အမေရိကန်ကုမ္ပဏီ ဖြစ်လာ

ဇန်နဝါရီ ၄

အမေရိကန်နည်းပညာကုမ္ပဏီ Apple Inc ဟာ ဇန်နဝါရီ ၃ ရက်က ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၃ ထရီလီယံကို ရောက်ရှိတဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့က Apple ရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ စံချိန်တင် မြင့်တက်ခဲ့တာကြောင့် ကုမ္ပဏီဈေးကွက်တန်ဖိုးဟာ ကန်ဒေါ်လာ ၃ ထရီလီယံ အမှတ်ကို ခဏမျှ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ နည်းပညာလုပ်ငန်းကဏ္ဍရဲ့ ကပ်ရောဂါကာလအတွင်း တစ်ရှိန်ထိုးတက်မှုတစ်ခုကို ပြသနေတာလည်း ဖြစ်ပါတယ်။

iPhone ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ ယမန်နေ့က ရှယ်ယာတစ်စုကို ဒေါ်လာ ၁၈၂ ဒသမ ၈၈ အထိ စံချိန်တင်လယ်ဗယ် ကို မြင့်တက်ခဲ့ပြီး ယင်းနောက် အနည်းငယ် ပြန်ကျသွားခဲ့ပါတယ်။

အဆိုပါ အမေရိကန်နာမည်ကျော် နည်းပညာကုမ္ပဏီကြီးဟာ ၂၀၂၀ သြဂုတ်လတုန်းကလည်း ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ ထရီလီယံကို ရောက်ရှိတဲ့ ပထမဆုံး အမေရိကန်ကုမ္ပဏီဖြစ်ခဲ့ပါသေးတယ်။ Apple ရဲ့ streaming နဲ့ စမတ်ဖုန်း အက်ပ် စတိုး တွေလိုမျိုး တစ်ကိုယ်ရည်သုံး အီလက်ထရောနစ်နဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေအတွက် ဝယ်လိုအား မြင့်တက်စေခဲ့တဲ့ COVID-19 ကာလအတွင်း Apple ရဲ့ ဈေးကွက်တန်ဖိုး မြင့်တက်နေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Apple ဟာ ၂၀၁၈ သြဂုတ်လတုန်းကလည်း ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံကျော်တဲ့ ပထမဆုံး အမေရိကန်ကုမ္ပဏီအဖြစ် မှတ်တိုင်ထူနိုင်ခဲ့သေးတာဖြစ်ပါတယ်။

ခုလို Apple ကုမ္ပဏီ ဈေးကွက်တန်ဖိုး မြင့်တက်မှုကတော့ စီအီးအို တင်ကွတ် အတွက် နောက်ထပ် အောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်။ တင်ကွတ်ကတော့ Apple ပူးတွဲတည်ထောင်သူ စတိဗ် ဂျော့စ် ကွယ်လွန်ပြီးနောက် ၂၀၁၁ ခုနှစ်မှာ အဆိုပါ ကူပါတီနို အခြေစိုက် နည်းပညာကုမ္ပဏီကြီးရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

အမေရိကန် စတော့ ဈေးကွက်တွေရဲ့ အမြင့်ဆုံး အဆင့်မှာ ဆီလီကွန် တောင်ကြား ကုမ္ပဏီတွေကပဲ ကြီးစိုးထားပြီး Apple အပြင် Microsoft ဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ ထရီလီယံကျော် ရှိတဲ့ အခြားသော အမေရိကန် ကုမ္ပဏီတစ်ခုအဖြစ် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly