အာဏာသိမ်းပြီးနောက် ( ၇၄ )နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပသူမရှိ

By ကီရာ
04 January 2022
အာဏာသိမ်းပြီးနောက် ( ၇၄ )နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပသူမရှိ

ဇန်နဝါရီ ၄

ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် ယနေ့ ဇန်နဝါရီ ၄ ရက် ၂၀၂၂ ခုနှစ်တွင် ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပသူ ကင်းမဲ့လျက်ရှိသည်။

စစ်ကောင်စီ၏ အာဏာမသိမ်းခင်အချိန်က လွတ်လပ်ရေးနေ့ မရောက်ခင် တစ်ရက်အလိုကပင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရပ်ကွက်များတွင် ဘောလုံးပြိုင်ပွဲများ ပြုလုပ်လေ့ရှိကြသည်။

ဇန်နဝါရီလ ၄ရက် နံနက်အစောပိုင်းတွင် အပြေးပြိုင်ပွဲများကို ကျင်းပလေ့ရှိကြသော်လည်း ယခုတွင်မူ အဆိုပါပွဲများကို မတွေ့ရသကဲ့သို့ လမ်းမများပေါ်တွင် သွားလာနေသည့် ကားများနှင့် ရပ်ကွက်လမ်းကြားများထဲတွင် လှုပ်ရှားနေသည့် စျေးသည်အချိူ့ကိုသာ မြင်တွေ့ရသည်။

"အရင်ကဆိုရင် ဘောလုံးပွဲတွေဆို ဇန်နဝါရီ ၃ ရက် ညနေဘက်တွေမှာ ပွဲလုပ်တယ်။ ၄ ရက်နေ့ မနက်ဆို ကျန်တဲ့အသင်းတွေ ဆက်ကန်။ ရပ်ကွက်မှာ ဆုကြေးအတွက် အလှူငွေတွေကောက်နဲ့။ အခုတော့ ဘာမှ မလုပ်ဖြစ်ဘူးလေ သိတဲ့အတိုင်းပဲ ဘယ်သူ့မှလည်း လွတ်လပ်တဲ့အနေအထားမှ မရှိတာ''ဟု တောင်ဒဂုံရပ်ကွက်နေထိုင်သူ လူငယ် တစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၄ ရက် နေ့တွင် ရပ်ကွက်တွင်းရှိ လမ်းကျယ်များ၌ အာလူးကောက်ပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ ၊ တာတို အပြေးပြိုင်ပွဲ စသည်ဖြင့် ရပ်ကွက်လူကြီးများက စီစဉ်ကာ ကလေးငယ်များက ပျော်ရွင်စွာ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသည်။

သို့သော် လက်ရှိတွင် ကလေးငယ်များ ပုံမှန်စုဝေး ဆော့ကစားသည့် အသံများကိုသာ ရပ်ကွက်တွင်း ကြားရသည်ဟု မြောက်ဥက္ကလာမြို့နယ်တွင် နေထိုင်သူ တစ်ဦးကပြောသည်။

"အရင်က အားပေးသံတွေ၊ ကလေးတွေ ပျော်လို့ အော်နေကြသံတွေ ဆူညံနေတာပဲ။ ဒီနေ့မတိုင်ခင်ကတည်းက ထုံးတွေနဲ့ စည်းတွေ ဘာတွေဆွဲထားတာ။ ဒါပေမဲ့လည်း ဒီနေ့တော့ သာမန်နေ့တစ်နေ့လို ဖြတ်သန်းနေကြတာပဲ" ဟု ၎င်းကဆိုသည်။

ထို့အပြင် အင်းစိန်ထောင်အရှေ့ ဘယ်ဘက်နှင့် ညာဘက်ခြမ်းများတွင် ဟိုတစ်စု ဒီတစ်စု စောင့်ဆိုင်းနေကြသူများရှိနေသည်။

စောင့်ဆိုင်းနေသူများတွင် အချိူ့က ယနေ့ လွတ်ငြိမ်း၍ လွတ်မြောက်မည်ဟု အကြောင်းကြားခံရသောကြောင့် လာရောက်စောင့်နေကြသူများနှင့် မည်သည့်အကြောင်း တစ်စုံတစ်ရာမှ မကြားရသော်လည်း လွတ်မြောက်လာနိုင်မလား မျှော်လင့်ချက်​ဖြင့် လာရောက်စောင့်ဆိုင်းနေကြသူများလည်း ရှိသည်။

လာရောက်စောင့်ဆိုင်းနေသူတစ်ဦးက ''သတင်းတွေမှာ လွတ်မယ်ဆိုတာတွေလည်း မဖတ်ရ၊ မကြားရဘူး။ အခု ဒီရောက်တော့လည်း ဒီက အစောင့်ကိုမေးတော့လည်း မသိဘူးဘဲပြောတယ်။ ၅၀၅နဲ့ အဖမ်းခံထားရတာဆိုတော့ သိပ်တော့လည်း မမျှော်လင့်ရဲပေမယ့် လွတ်မလားဆိုပြီး လာစောင့်နေရတာ ''ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly