"အမှောင်ချ ဇာတ်အိမ်ဖွဲ့ နွေဦးတော်လှန်ရေးလက်မခံ"

By အောင်မိုးဝင်း
03 January 2022
"အမှောင်ချ ဇာတ်အိမ်ဖွဲ့ နွေဦးတော်လှန်ရေးလက်မခံ"

ဇန်နဝါရီ ၃

The narrative is one of the most important parts to get people's attention.

Narrative ကို ဘာသာပြန်ရရင် ဖြစ်ရပ်၊ ဇာတ်ကြောင်း၊ ဇာတ်အိမ်ပေါ့။ ဖြစ်ရပ်တစ်ခုကို လူအများစိတ်ပါ၀င်စားအောင် ‌ဇာတ်အိမ်ရွေးချယ်တင်ပြမှုပေါ့။

လောကကြီးမှာ အဖြစ်အပျက်ပေါင်းများစွာရှိတဲ့အထဲက ကိုယ့်မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ကိုယ့်ရပ်ကွက်၊ မြို့၊ နိုင်ငံစတဲ့ဆက်စပ်မှုတွေမှာ နေ့တဓူဝဖြစ်နေတဲ့ အဆိုးအကောင်းပေါင်းများစွာထဲက လူအများနဲ့ဆိုင်တဲ့ အဆိုးတွေကိုပဲ စိတ်၀င်စားကြပါတယ်။

ကိုယ့်အရေး သူ့အရေးထဲက အဆိုးတွေကို ပိုပြီးအရေးပေးခံရဖို့ စိတ်မကောင်းစွာနဲ့ပဲ ပြိုင်ဆိုင်နေကြရပါတယ်။ အဆိုးနဲ့အကောင်း အားပြိုင်ကြတဲ့အခါမှာ အားနည်းသူဖက်ကနေ ပိုပြီးကိုယ်ချင်းစာ ညှာတာစိတ် ပိုဖြစ်ကြတယ်။

မြန်မာနိုင်ငံကိုကြည့်ရင် တစ်နိုင်ငံလုံးမှာ စစ်တပ်ရဲ့ညှဉ်းးပန်းနှိပ်စက်မှုကို မျှဝေခံစားနေကြရပေမဲ့ လူခေါင်တဲ့နေရာ၊ မီဒီယာမရှိတဲ့နေရာတွေမှာဆို ပိုပြီးခံကြရတယ်။ အခုတော်လှန်ရေးကာလမှာ တစ်သွေးတစ်သားထဲအတူဆိုတဲ့ခံယူချက်ရှိတာနဲ့ သတင်းမီဒီယာ ပြန့်နှံ့မှုတွေကြောင့် စိတ်၀င်စားမှုပိုရှိကြလို့ သတင်းပြန့်ပွားမှုအားကောင်းပါတယ်။

မြန်မာ့သမိုင်းတလျောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ လူမသိသူမသိ ဖြစ်ခဲ့ရတာတွေအများအပြားရှိခဲ့တယ်။ ဖြစ်ခဲ့တိုင်း စစ်တပ်က နိုင်ငံရဲ့အန္တရာယ်ကာကွယ်ရလို့ဆိုတဲ့ အကြောင်းပြချက် narrative ကို သတင်းအမှောင်ချပြီး တဖက်သတ်ပြောတာကို လူအများက လက်ခံခဲ့ကြရတယ်။

ဥပမာအနေနဲ့ ကရင်ဒေသခံတွေကို ဖက်ဆစ်တပ်က တစ်ရွာလုံးမီးရှို့၊ မုဒိမ်းကျင့်၊ သတ်ဖြတ်ခဲ့တာတွေက ကရင်သူပုန်တွေသောင်းကျန်းလို့ နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ဖို့ဆိုတဲ့ ဇာတ်အိမ် (narrative) တင်ပြချက်ကို သုံးပြီး ပြည်သူအများရဲ့ ထောက်ခံမှုကို ယူခဲ့ကြတယ်။

ဘာသာကွဲ ခရစ်ယာန်ကိုးကွယ်တာများတဲ့ လူမျိုးဖြစ်တယ်။ လူနည်းစု ကရင်ဗုဒ္ဓဘာသာ၀င်တွေကို ခွဲထုတ်ပြီး ပံ့ပိုးပေးတယ်။ တဖက်ကို လူဆိုးဆိုပြီး ဇာတ်အိမ်ကိုတည်ဆောက်ထားလိုက်တယ်။ ရွာလုံးကျွတ်မီးရှို့တဲ့သတင်းတွေ ပြည်တွင်းမီဒီယာ‌မှာ ဖော်ပြတာမရှိခဲ့ဘူး။ ဒီနေရာမှာ "သူတို့နဲ့ ငါတို့"ဆိုတဲ့ ဖက်ဆစ်တပ်ရဲ့ narrative ကို ပိုခိုင်မာစေခဲ့တယ်။

ဒီလို narrative တွေနဲ့ အင်အားသုံးပြီး နှိပ်ကွပ်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေထဲက ရိုဟင်ဂျာလူမျိုးတွေအပေါ်မှာ လူမျိုးတုံးသတ်ဖြတ်ခဲ့မှုတွေမတိုင်ခင်မှာလည်း အမျိုးဘာသာသာသနာဆိုတဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေကို စစ်တပ်က သွေးထိုးရေချိန်မြှင့်ပေးခဲ့တယ်။

ဘာသာခြားမူစလင်နဲ့ ငါတို့ဗုဒ္ဓဘာသာဆိုတဲ့ ခွဲခြားမှုကို အဓိကရုဏ်းတွေဖန်တီးပြီး အားကြီးစေခဲ့တယ်။ ဒီအဖြစ်အပျက်တွေကို တောရွာနဲ့မြို့တွေမကျန် တစ်နိုင်ငံလုံး ထိတွေ့ခွင့်ရခဲ့ကြတယ်။ ဒီလိုလူမျိုးရေးမုန်းတီးမှုအရှိန်ကို ခုတုံးလုပ်ပြီး ညင်ညင်သာသာကိုင်တွယ်ဖြေရှင်းလို့ရတဲ့နည်းတွေမသုံးဘဲ ရိုဟင်ဂျာအရေးကို ဖက်ဆစ်တပ်က အကျွမ်းတ၀င်ရှိတဲ့ အကြမ်းဖက်နည်းလမ်းကို ရွေးချယ်ခဲ့ပါတယ်။

အမျိုးသားရေးအားကောင်းအောင် လုပ်ဆောင်ထားပြီး ပြန်လည်ခုခံသူတွေကို ကမ္ဘာကလက်မခံတဲ့ အကြမ်းဖက် terrorist တွေဆိုပြီး တံဆိပ်ကပ် ဖြတ်လေးဖြတ်နဲ့ ချေမှုန်းခဲ့တယ်။ ရိုဟင်ဂျာထောင်နဲ့ချီ သတ်ဖြတ်ခံရတယ်။ ရွာပေါင်းများစွာ မီးရှို့ဖျက်ဆီးခံရလို့ ထောင်သောင်းချီ အသက်ကိုလုပြီး ထွက်ပြေးခဲ့ကြရတယ်။

အခုလက်ရှိ ဖြစ်ပျက်ခံစားနေရာတာတွေနဲ့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခဲ့မှုနဲ့နှိုင်းယှဉ်လိုက်ရင် လူမျိုးရေး narrative ကို မသုံးနိုင်တာကလွဲလို့ ကျန်တာတွေ ထပ်တူကျတာကို တွေ့မြင်နိုင်ကြရမှာပါ။ တခြားနိုင်ငံက အဖြစ်ဆိုးတွေနဲ့ မြန်မာနိုင်ငံမှာ ကြုံ‌တွေ့နေရတဲ့ အဖြစ်ဆိုးတွေကို ယှဉ်ရတာမဟုတ်လို့ အခုလက်ရှိအခြေအနေကို ပိုပြီးကွက်ကွက်ကွင်းကွင်း မြင်နိုင်ကြမယ်လို့ထင်ပါတယ်။

ဖက်ဆစ်တပ်က narrative များစွာကို ဆယ်စုနှစ်များစွာ propaganda လုပ်ပြီး ထည့်ပေးထားခဲ့လို့ အစွဲတွေ မချွတ်နိုင်သေးရင်တောင် ဖက်ဆစ်တပ်က ကိုယ့်အသိုင်းအဝိုင်းအပါအ၀င် လူသားမျိုးနွယ်တွေပေါ်မှာ ရာဇ၀တ်မှုများစွာကို နှစ်‌ပေါင်းများစွာ ကျူးလွန်နေတယ်ဆိုတာကိုတော့ လက်ခံနိုင်ရပါမယ်။

ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်ခဲ့တုန်းက ရပ်တည်မှုလွဲချော်ခဲ့လို့ ကမ္ဘာပေါ်မှာ မြန်မာဟာ နာဇီတွေနဲ့နှိုင်းယှဉ်ခံရလောက်တဲ့ထိ မျက်မုန်းကျိုးခံခဲ့ရတာကို သင်ခန်းစာယူပြီး ဒီတစ်ခေါက်မှာ လူသားချင်းစာနာစိတ်ကို ရှေ့မှာထားပြီး အဖိနှိပ်ခံလူသားတွေဖက်က ရပ်တည်ပေးကြဖို့ စိတ်မကောင်းစွာနဲ့ တိုက်တွန်းပါရစေ။ စိတ်မကောင်းရတာက "ကိုယ်တွေ"ပါခံနေရတဲ့အခါ ရပ်တည်ပေးကြပါဦးလို့ တဆာဆာအော်ခေါ်ကြပေမဲ့ ပြန်မထူးတဲ့အခါ အားငယ်ရတဲ့စိတ်ကို ပြန်ခံစားရလို့ စိတ်မကောင်းဖြစ်ရတာပါ။

ရေးရင်းနဲ့ရှည်လာလို့ နိဂုံးချုပ်ခါနီးမှာ ဘာသာခြား လူမျိုးခြား လူနည်းစုနဲ့ အာဏာပိုင်အပါအ၀င် လူမျိုးစုကြီးတို့ကြားမှာ ပဋိပက္ခဖြစ်ကြတဲ့အခါမှာ ကမ္ဘာကြီးက လူနည်းစုဖက်က ရပ်တည်မှာပဲ။ လူနည်းစုကတင်ပြတဲ့ narrative ကိုပဲ ပိုပြီးအလေးထားမှာဖြစ်လို့ ဖက်ဆစ်တပ်က စည်းကမ်းဘောင်အတွင်းက ဖြေရှင်းလို့ရနိုင်တဲ့ "ပြဿနာ"တစ်ခုကို အမှန်တကယ်ကိုပဲ ရည်ရွယ်ပြီး လူမျိုးတုံးသတ်ဖြတ်ပါတယ်ဆိုတဲ့ သက်သေတွေ ခိုင်ခိုင်လုံလုံရှိတဲ့ ဖြစ်ရပ်ကို ထပ်ပြီး မျက်ကွယ်ပြု ငြင်းပယ်မယ်ဆိုရင် မြန်မာလူမျိုးဟာ ကမ္ဘာ့သမိုင်းရဲ့ အမဲစက်ထဲမှာ ကျန်ခဲ့ပါလိမ့်မယ်။

အခုလိုဘာဖြစ်လို့ စာတတန် ပေတတန်နဲ့ ရှည်ရှည်ဝေးဝေးရှင်းပြနေရတာလဲဆိုတော့ လူမျိုးဘာသာခြားအပေါ်မှာ လူသားချင်းစာနာမှုကင်းမဲ့တဲ့လူမျိုးဆိုတဲ့ narrative ထဲကနေရုန်းထွက်နိုင်ဖို့ ဒီနွေဦးတော်လှန်ရေးမှာ အခွင့်အရေးရှိတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့လို့တဲ့အကြောင်း ရှင်းပြချင်လို့ပါ။ ဒီအချက်ကို မျက်ကွယ်ပြုပြီး Burma Act မှာပါတဲ့ ရိုဟင်ဂျာကယ်ဆယ်ရေးရန်ပုံငွေ ဒေါ် လာ သန်း ၂၂၀ ကို ကိုယ်မရလို့ဆိုတာနဲ့ ဖက်ဆစ်တပ်ရဲ့ narrative ဖြစ်တဲ့ NGO ဆိုတာ မကောင်းဘူးဆိုတဲ့ ဖုံးလွှမ်းခံနေရတာတွေကို ပယ်ဖျက်လိုက်ကြပါ။

Burma Act ဥပဒေမဖြစ်သွားလည်း ရိုဟင်ဂျာအရေးကို လူသားချင်းစာနာမှုနဲ့ ဒီမိုကရေစီထွန်းကားရေးကို အားပေးတဲ့ အမေရိကန်အစိုးရက နှစ်စဉ်ထောက်ပံ့နေမှာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလက ဒေါ်လာသန်း ၁၈၀ ထောက်ပံ့ထားပြီးဖြစ်သလို နောင်နှစ်အတွက်လည်း ၁၃၆ သန်းရာထားပြီးဖြစ်တယ်လို့ သိရတယ်။ ကိုယ်

တာ၀န်ရှိတဲ့ကိစ္စမှာ ကိုယ်ပေးရတာလည်းမဟုတ်ဘူး။ ဒီလောက်ပြောနေရတာတောင် လွန်လှပြီ။ အမုန်းတရားတွေတွယ်ကပ်နေသေးရင် ချွတ်ချလိုက်ပါ။

ထုတ်ပြန်ချက်တွေထဲမှာတောင် တကယ်ဖြစ်ခဲ့တယ်လို့ သက်သေအထောက်အထားအများကြီးရှိနေတဲ့ genocide နဲ့ Rohingya ဆိုတဲ့စာလုံးတွေကို လက်တွန့်နေကြသေးရင် ကျနော့အနေနဲ့ စိုးရိမ်မိတယ်လို့ပဲ ပြောပါရစေ။

ဒီအခက်အခဲတွေကို ‌နွေဦးတော်လှန်ရေးမှာ ဖက်ဆစ်တော်လှန်ရေးနဲ့အတူ ပဋိပက္ခတွေရဲ့ နိဒါန်းဖြစ်တဲ့ စိတ်ဓာတ်တွေကို တပါထဲ ပြုပြင်ပြောင်းလဲ မြှင့်တင်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါတယ်။

#amwnyc #အညတရမိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly