CDM ဘဝဖြင့် ဈေးရောင်းကာ PDF များကိုလှူနေသည့် အာဏာရှင်ဆန့်ကျင်သူ

CDM ဘဝဖြင့် ဈေးရောင်းကာ PDF များကိုလှူနေသည့် အာဏာရှင်ဆန့်ကျင်သူ

ဒီဇင်ဘာ ၃

“ပြည်သူ့ကာကွယ်ရေး တပ်သားတွေဟာ နွေဦးတော်လှန်ရေးမှာ အကြီးဆုံး မျှော်လင့်ချက် ရောင်ခြည်ပါပဲ။ ဒါကြောင့် ကျွန်မ ဈေးရောင်းလို့ ရလာတဲ့ ပိုက်ဆံလေးထဲကနေ လစဉ် လှူဖြစ် နေတာပါ “

စစ်တပ် အာဏာမသိမ်းခင်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဘားအံမြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအခါ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသူ မနန်းလေးက ထိုသို့ စကားဆိုလာခြင်း ဖြစ်သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တွင် အလုပ်ရရန် ခက်ခဲစွာ လျှောက်ထားခဲ့ရပြီး ဝန်ထမ်းဘဝနှင့် အလုပ်လုပ်ကိုင်နေစဉ် နှစ်နှစ်ခန့်အကြာ

အာဏာသိမ်းမှုကို သူကြုံရခြင်း ဖြစ်သည်။

ဝန်ထမ်းဟူသော သူမြတ်နိုးသည့် ဂုဏ်ပုဒ်တစ်ခုကို အာဏာသိမ်းပြီး တစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် သူစွန့်လွှတ်ခဲ့သည်။

“အာဏာသိမ်းတာတွေ အရေးအခင်းတွေကို အရင်က ကြားဖူးနားဝပဲ ရှိတာ။ ခုက ကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံလိုက်ရတာ။ အမေစု အပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပြီ ဆိုတာ ကြားရတော့ မျက်ရည်ကျတယ်။ သိပ်ဝမ်းနည်းတယ်။ စစ်တပ်က မတရား လုပ်လိုက်ပြီဆိုတာ ခံစားမိတယ်။ ဒီလိုနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ဘားအံမှာ လူတန်းရှည်ကြီးက လက်သုံးချောင်းထောင် အာဏာသိမ်းတာကို မလိုလားကြောင်းအော်ပြီး ဆန္ဒပြချိန် ကျွန်မ CDM လုပ်ဖို့ကို ဆုံးဖြတ် လိုက်တာပါ “ဟု အသက် ၃၁ နှစ်အရွယ် မနန်းလေးက ပြောသည်။

စာရေးဝန်ထမ်းဘဝနှင့် သူရသည့် ပုံမှန်လစာဝင်ငွေမှာ နှစ်သိန်းဝန်းကျင် ဖြစ်သည်။ ထိုငွေဖြင့် ရပ်တည်ခဲ့သူက ယခုအခါ ဈေးရောင်းသည့် အလုပ်ဖြင့် အာဏာရှင်ကို ဆန့်ကျင်ရင်း သူဆက်လက် ရပ်တည်ပြန်သည်။

“ကိုယ်တိုင် စိတ်ဆုံးဖြတ်ထားတဲ့ အရာတစ်ခုကို ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး။ ဒါကြောင့်ပဲ ကျွန်မ ဒီလိုဈေးရောင်းတာကို လုပ်ခဲ့တာပါ။ သိပ်ပြီး ပင်ပင်ပန်းပန်းကြီး မဟုတ်ပါဘူး။ တို့ဟူးခြောက်တို့ ကော်ဖီမုန့်တို့ကို သူများဆီက မှာယူပြီး Online ပေါ်က ပြန်ရောင်းတာပါ “ဟု သူဈေးရောင်းပုံကို မနန်းလေးက ပြောသည်။

ထိုလုပ်ငန်းမှ ဈေးရောင်းကောင်းသည့် လများတွင် မြန်မာကျပ်ငွေ ၇၀,၀၀၀ ခန့် ရရှိသည်ဟု သိရသည်။ ထိုငွေထဲမှ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့များထံ လစဉ် လှူဒါန်းနေသည်မှာ ငါးလခန့် ရှိပြီဟု သူက ပြောသည်။

အရပ်သား အစိုးရထံမှ မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်အုပ်စုက ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် မတရား အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် အကြမ်းမဖက် အာဏာ ဖီဆန်ရေးနှင့် ဆန္ဒပြပွဲများ အားကောင်းခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် လူထုအား အကြမ်းဖက် စစ်ကောင်စီ တပ်သားနှင့် ရဲသားများက မောင်းပြန် သေနတ်များဖြင့် ပစ်ခတ် ဖြိုခွင်းခဲ့ကြသည်။

ထိုသို့ သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ ပြည်သူဦးရေမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ အထိ ဆိုလျှင် ၁,၃၈၂ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က စာရင်း ပြုစု ဖော်ပြထားသည်။

ထိုနောက်ပိုင်းတွင် နိုင်ငံတစ်ဝန်း ရရာလက်နက် စွဲကိုင်တော်လှန်မှုများ ပေါ်ပေါက် လာတော့သည်။ တောင်ယာလုပ်ငန်း လုပ်ကိုင်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ ဒေသခံများက တူမီး၊ လက်လုပ် လက်နက်၊ မိုင်းများဖြင့် မောင်းပြန်သေနတ် တပ်ဆင်ထားသည့် စစ်ကောင်စီတပ်များကို တော်လှန် တိုက်ထုတ်ကြသည်။

စစ်ကောင်စီ တပ်ကလည်း ဒေသခံ တော်လှန်ရေးတပ်များကို လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် သာမက လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည်ကို တွေ့ရသည်။

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့သည်က စစ်ကောင်စီတပ်၏ လေကြောင်း အသုံးပြု တိုက်ခိုက်မှု သက်သေဖြစ်သည်။

ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များသည်လည်း မိမိတို့ ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းများ ရောင်းချကာ တော်လှန်ရေး အသုံးစရိတ် အဖြစ် မတည်ပြီး တိုက်ခိုက်နေကြသကဲ့သို့ နိုင်ငံတစ်ဝန်းမှလည်း အလှူငွေများ ကူညီနေသည်ကိုတွေ့ရသည်။

မနန်းလေးသည်လည်း ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်သားများကို ကူညီလှူဒါန်းနေသူ များထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

“တတ်နိုင်ရင်တော့ အများကြီး လှူချင်တာပေါ့ရှင်။ သူတို့က PDF တွေက ရှေ့တန်းကနေ အနေဆင်းရဲ အစားဆင်းရဲနဲ့ အသက်နဲ့ရင်းပြီး တိုက်နေကြတာ။ ခုလ ဆိုရင်လည်း အချို့ ရဲဘော်လေးတွေဆိုရင် ဖုန်းဘေ လှမ်းထည့်ပေးတယ်။ အချို့ အဖွဲ့တွေကိုဆို ကျပ် ၁၀,၀၀၀ လောက် လှူဖြစ်တယ် “ဟု မနန်းလေးက ပြောပြသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဘားအံမြို့နယ်ရုံးတွင် ဝန်ထမ်းစုစုပေါင်း ၈၁ ဦး ရှိသော်လည်း CDM ပြုလုပ်သူမှာ မနန်းလေးအပါအဝင် ခုနစ်ဦးသာ ရှိသည်။

“အစကတော့ အနီမှ အနီ ဆိုတဲ့သူတွေ ခုလိုကာလမှာ ရပ်တည်ဖို့ ဘက်ရွေးတဲ့ အခါကျတော့ နေရာပျောက်မှာစိုးတဲ့သူနဲ့ ၊ တစ်ခုခု ထိခိုက်ဖမ်းဆီးခံရမှာ ကြောက်တဲ့သူနဲ့ ၊ CDM ထဲကို ပါမလာကြဘူး။ အထူးသဖြင့် ကျွန်မတို့ ဘားအံမြို့က ရုံး တော်တော်များများမှာ ရုံးတက်နေကြတဲ့ သူတွေ အတော်ကို များနေသေးတယ် “ဟု မနန်းလေးက ပြောသည်။

၂၀၂၁ ခုနှစ် နှစ်ကုန်တော့မည် ဖြစ်သည်။ လာမည့် ၂၀၂၂ ခုနှစ် နှစ်သစ်တွင် မနန်းလေး ဆုတစ်ခု တောင်းလိုကြောင်း ပြောသည်။

“ နှစ်သစ်မှာ တော်လှန်ရေး အောင်မြင်လာမယ်ဆိုတာကို ကျွန်မတော့ ယုံကြည်တယ်။ စစ်တပ်ကို တိုက်ထုတ်နေတဲ့ တော်လှန်ရေး သမားတွေ ဘေးကင်းဖို့ ကျွန်မတော့ ဆုတောင်းပါတယ်။ နွေဦး တော်လှန်ရေးဟာ နိုင်ကို နိုင်မယ်ဆိုတာ ဆိုတာကျွန်မတို့အားလုံး သိပါတယ်။ CDM တွေလည်း အားလုံး တောင့်ခံထားရင်း ရှေ့ဆက်သွားကြမယ်လို့ ပြောကြားလိုပါတယ် “ဟု မနန်းလေးက သတင်းစကား ပါးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required