ဆော်ဒီအာရေဘီးယားက ယူကေထံမှ ငါးနှစ်အတွင်း ဒေါ်လာ ၈ ဘီလျံကျော်ဘိုး လက်နက်ဝယ်ယူ

ဆော်ဒီအာရေဘီးယားက ယူကေထံမှ ငါးနှစ်အတွင်း ဒေါ်လာ ၈ ဘီလျံကျော်ဘိုး လက်နက်ဝယ်ယူ

လန်ဒန်၊ ဇန်နဝါရီ ၇ ။              ။ ၂၀၁၀ပြည့်နှစ် မေလက ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အာဏာရလာပြီးကတည်းက ယူကေသည် ဆော်ဒီအာရေးဘီးယားသို့ ဒေါ်လာ ၈ ဘီလျံကျော်ဘိုးအထိ လက်နက်ရောင်းချခွင့်ပေးခဲ့သည်။

အကျိုးအမြတ်မယူသော လက်နက်ကုန်သွယ်မှုဆန့်ကျင်ရေးအဖွဲ့တစ်ခုဖြစ်သည့် Campaign Against Arms Trade (CAAT) ၏နောက်ဆုံးထုတ်ပြန်သည့် စာရင်းအရ လွန်ခဲ့သည့်ခြောက်နှစ်က ကင်မရွန်းအာဏာရလာပြီးကတည်းက ဗြိတိန်သည် ၎င်း၏ လူသားချင်းစာနာမှုဆိုင်ရာစိုးရိမ်စရာနိုင်ငံများစာရင်းမှ ၂၇နိုင်ငံအနက် ၂၄ နိုင်ငံသို့လက်နက်ရောင်းချခဲ့သည်ဟု အင်ဒီပဲန်ဒင့်သတင်းစာက ဇန်နဝါရီ ၆တွင် အစီရင်ခံသည်။

ဒေါ်လာ ၆ဘီလျံတန်ဘိုးရှိ ယူရိုဖိုက်တာတိုင်ဖွန်းဂျက်တိုက်လေယာဉ် ၇၂ စင်း ရီးယတ်ဒ်က ဝယ်ယူနေသည့်အပြင် ဒေါ်လာ ၂ ဘီလျံတန်ဘိုးရှိ ဟော့ခ်ဂျက်တိုက်လေယာဉ်များ၊ ဗုံးများ၊ သေနတ်များနှင့် မျက်ရည်ယိုဗုံးများလည်း ဗြိတိန်က ဆော်ဒီသို့ ရောင်းချခဲ့သည်ဟု သိရသည်။ CAAT က ထုတ်ပြန်သော စာရင်းများကို အခြေခံမှုအရ ဆော်ဒီသည် ဗြိတိန်တော်ဝင်လေတပ်တွင် ရှိနေသည့် ဗြိတိသျှလုပ်စစ်လေယာဉ်အရေအတွက်၏နှစ်ဆကို ဝယ်ယူနိုင်ခဲ့သည်ဆိုသည်။

စာရင်းပါနိုင်ငံများ အထူးသဖြင့် ဆော်ဒီအာရေဘီးယားသို့ လက်နက်ရောင်းချမှုပမာဏက လူ့အခွင့်အရေးသည် ကုမ္ပဏီအကျိုးအမြတ်နှင့် ယှဉ်လျင် နောက်တန်းကသာ နေနေရကြောင်း သက်သေပြနေသည်ဟု CAAT ၏ပြောခွင့်ရပုဂ္ဂိုလ် အင်ဒရူးစမစ်က ပြောသည်။ လက်နက်ရောင်းရငွေများကို သတ်ဖြတ်နှိပ်စက်ခံရသူများ၏ အခွင့်အရေးအတွက်သုံးကာ တစ်ဖက်က ပေါင်ဘီလျံချီလက်နက်ရောင်းနေပြီး တစ်ဖက်က ယင်းအစိုးရဆိုးများကို ရှုတ်ချနေမှုက ရှေ့နောက်မညီဟုလည်း ၎င်းကဆက်လက်ပြောသည်။

ယူကေရဲ့လက်နက်တင်ပို့မှုရဲ့ သုံးပုံနှစ်ပုံက အရှေ့အလယ်ပိုင်းကို သွားပါတယ်။ နောက်ပြီး ဒါကိုပြောင်းလဲဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ သိထားတာက ဆော်ဒီဟာ ဆီးရီးယားအတွင်းအပြင်တစ်ဝိုက်က များပြားလှတဲ့ အဖွဲ့အစည်းတွေကို လက်နက်တပ်ဆင်ပေးနေပါတယ်။ ဒါပေမဲ့ အဲဒီကို ဘယ်လိုလက်နက်တွေပို့နေသလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး။ လက်နက်တစ်ခု စစ်ပွဲဇုန်တစ်ခုကို ဝင်ရောက်တာနဲ့ လက်နက်ထိန်းချုပ်တဲ့ပုံစံမရှိတော့ပါဘူး"ဟု စမစ်က ထပ်မံပြောသည်။

ဆော်ဒီသည် ဆင်းရဲသည့် ယီမင်အား စစ်ပြုနေခြင်း၊ နိုင်ငံရေးသဘောကွဲလွဲသူများကို နှိပ်ကွပ်ခြင်း၊ ခေါင်းဖြတ်ခြင်းနှင့် အခြားပုံစံများဖြင့် သုတ်သင်သတ်ဖြတ်သည့် အရေအတွက် များပြားလာခြင်းအပြင် နောက်ဆုံးရက်စက်မှုအဖြစ် ရှီးယားဘာသာရေးဆရာ ရှိတ်ခ်နီမာအယ်လ်နှင့် အခြားလူ ၄၆ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပေါ်ခဲ့ရာ ဆော်ဒီအားလက်နက်ရောင်းချမှု ရပ်တန့်ရန် ကင်မရွန်းမှာ ဖိအားပေးခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly