ကိုပါဒယ်ရေးပွဲအပြီးတွင် ပြိုင်ဘက်ကစားသမားများနှင့် ဆွာရက်ဇ် ခိုက်ရန်ဖြစ်ခဲ့

ကိုပါဒယ်ရေးပွဲအပြီးတွင် ပြိုင်ဘက်ကစားသမားများနှင့် ဆွာရက်ဇ် ခိုက်ရန်ဖြစ်ခဲ့

ဇန်နဝါရီ ၇၊ ဘာစီလိုနာ ။           ။ ဗုဒ္ဓဟူးနေ့က အက်စပန်ညိုအသင်းကို ၄-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲအပြီးတွင် အက်စပန်ညိုကစားသမားများကို ခြိမ်းခြောက်ခဲ့သည်ဟု စွပ်စွဲခံ ထားရသည့် ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်သည် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုဖြင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

ဘာစီလိုနာအသင်းအတွက် မက်ဆီကနှစ်ဂိုး၊ ပီကေးနှင့် နေမာတို့က တစ်ဂိုးစီသွင်းယူခဲ့ကြပြီး ပွဲချိန်ဒုတိယပိုင်းတွင် အက်စပန်ညိုမှ ပီရက်ဇ်နှင့် ဒီအုပ်တို့ အထုတ်ခံခဲ့ရသည်။

ဒိုင်လူကြီးတစ်ဦး၏ အစီရင်ခံစာတွင် ဆွာရက်ဇ်သည် ပွဲအပြီး အဝတ်လဲခန်းသို့သွားရာ ဥမင်အတွင်း နှစ်ဘက်ကစားသမားများ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ဦးဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

"ဘာစီလိုနာအသင်းရဲ့ ကျောနံပါတ် ၉ ကစားသမား ဆွာရက်ဇ်ဟာ ဥမင်ထဲမှာ အက်စပန်ညိုကစားသမားတွေကိုစောင့်နေခဲ့ပြီး အော်ဟစ်ခဲ့ပါ တယ်။ 'မင်းတို့ကိုစောင့်နေတယ်။ ဒီကိုလာခဲ့။ နေရာဖြုန်းနေတဲ့ကောင်တွေ' စသည်ဖြင့် အော်ဟစ်ခဲ့တာပါ။

အဲဒါက နှစ်ဖက်အသင်းကစားသမားတွေကို ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့ပြီး ကွင်းလုံခြုံရေးတွေက နှစ်ဖက်အသင်းကစားသမားတွေနဲ့ နည်းပြတွေအကြား ဝင်ရောက်ဖျန်ဖြေခဲ့ရပါတယ်"ဟု အစီရင်ခံစာတွင် ရေးထားသည်။

ကွင်းလယ်ဒိုင် ဟွမ်မာတီနက်ဇ်၏ အစီရင်ခံစာတွင်လည်း အက်စပန်ညိုကစားသမား ဒီအုပ်သည် ပြိုင်ဘက်ကစားသမားကို မအေနှင့်တိုင်းထွာ ကာ ဆဲဆိုခဲ့သောကြောင့် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ရေးထားသည်။

ကက်တလန်ဒါဘီပြိုင်ဘက်များဖြစ်သောကြောင့် ဘာစီလိုနာနှင့် အက်စပန်ညိုအသင်းတို့ပွဲများမှာ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပြီး ယခုနှစ်လာလီဂါပွဲစဉ်တွင် ဂိုးမရှိသရေကျထားသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly