စိုက်ဘဏ် ချေးငွေ မဆပ်ပါက ပုံစံ ၇ သိမ်းမည်ဟု ခြိမ်းခြောက်

စိုက်ဘဏ် ချေးငွေ မဆပ်ပါက ပုံစံ ၇ သိမ်းမည်ဟု ခြိမ်းခြောက်

 ဒီဇင်ဘာလ ၃၀ ရက်

စိုက်ပျိုးရေး ဘဏ်မှ ချေးငွေကို ပြန်မဆပ်ပါက မြေယာ လုပ်ပိုင်ခွင့် ပုံစံ ၇ သိမ်းမည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟု မကွေးတိုင်းက ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့တွင် စိုက်ဘဏ်မှ ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ် ချေးငွေမဆပ်နိုင်သူများ အား လယ်ယာလုပ်ပိုင်ခွင့် ပုံစံ ၇ ကို သိမ်းယူမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအချို့က ခြိမ်းခြောက်နေခြင်း ဖြစ်သည်ဟု ပြောသည်။

”မဆပ်ကြတဲ့ သူကမဆပ်ကြဘူး။ သူပုန်လက်ထဲ ငွေမထည့်ချင်လို့ ကာလပေါက်ဈေး မြေတန်ဘိုးနဲ့ ချေးငွေနဲ့ သူတို့ကတောင် ပြန်ပေးရဦးမှာ လုပ်ရဲလုပ်ကြည့်လေ” ဟု ကံမမြို့နယ်က အသက် ၃၅ နှစ် အရွယ် တောင်သူ တစ် ဦးက ပြောသည်။

လယ်ယာစိုက်ပျိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးယူစဉ်က မြေပိုင်ဆိုင်မှု အထောက်အထားအရ တင်ပြထားရ သည့် မြေစာရင်း အမည်ပေါက် ပုံစံ ၇ ကို သိမ်းဆည်းသွားမည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုက်လံ အကြပ်ကိုင်လျှက်ရှိသည်ဟု တောင်သူများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင် အပြီးဆပ်ရမည်ဟု တစ်ကြိမ် ကြေညာခဲ့ပြီး ယခုအကြိမ်သည် ဒုတိယ အကြိမ် ဆပ်ခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။

“အခု ဒီဇင်ဘာလ ကုန်နောက်ဆုံးဆိုပြီး ပြန်လာတာ။ ရောဂါဘေးကပ်ဆိုက်ခံထားရတာနဲ့ ပေးဖို့ အဆင်မပြေဘူး နယ်ခံတွေကကို မကောင်းတာ ကိုယ်စားရပြီးရောတွေ” ဟု တောင်သူတစ်ဦး က ပြောသည်။ 

မြန်မာ့ လယ်ယာစိုက်ပျိုးရေးဘဏ်မှ ရာသီအလိုက်သီးနှံများအတွက် စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးလေ့ရှိ သည်။ မိုးစပါးအတွက်၊ နွေစပါးအတွက် စသဖြင့် ချေးထုတ်ချေးလေ့ရှိသည်။

မိုးစပါးအတွက် တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် လယ်ဧက တစ်ဆယ်ဧက အထိ ချေးပေးပြီး မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေကို ယခုကဲ့သို့ ကောက်သစ်ပေါ်ချိန်တွင် ပြန်ဆပ်ရလေ့ရှိသည်ဟု သိရသည်။

ကံမမြို့သည် ဧရာဝတီမြစ်ဘေးတွင် ရှိပြီး၊ ကိုင်းမြေ၊ လယ်မြေစသည့် စိုက်ပျိုးရေး လုပ်ခင်းပေါများကာ ဆီထွက် သီးနှံမျိုးမျိုးကိုလည်း စိုက်ပျိုးကြသည်။

ကံမမြို့တွင် ယခင်က ဆန်စပါး အထွက်ကောင်းခဲ့သော်လည်း ယခုနှစ်ပိုင်းများတွင် မိုးခေါင်ခြင်း၊ ပိုးကျခြင်းများ အပြင် စိုက်ပျိုးရေးအတွက် အသုံးပြုရသည့် ဆေးနှင့် မြေသြဇာများ ဈေးတက်ခြင်း၊ လောင်စာဆီ ဈေးတက် ခြင်းတို့ကြောင့် တောင်သူများ အရှုံးပေါ်ကာ သုံး နှစ်ခန့် အဆင်မပြေဖြစ်နေကြရသည်ဟုဒေသခံများက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required