စစ်ကောင်စီကို ထပ်မံ ဒဏ်ခတ်အရေးယူရန် အီးယူ အသင့်ရှိ

စစ်ကောင်စီကို ထပ်မံ ဒဏ်ခတ်အရေးယူရန် အီးယူ အသင့်ရှိ
Photo - REUTERS

ဒီဇင်ဘာလ ၃၀ ရက်

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများ အရှိန်မြင့်တက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီအပေါ် နောက်ထပ် ဒဏ်ခတ်အရေးယူမှုများ ထပ်မံချမှတ်ရန် ဥရောပသမဂ္ဂ (အီးယူ) ဘက်က အသင့်ရှိနေကြောင်း ယင်း၏ ထိပ်တန်းသံတမန်ဖြစ်သူက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားလိုက်သည်။ ထို့ပြင် မြန်မာအာဏာသိမ်းစစ်တပ်ထံ လက်နက်ရောင်းချတင်ပို့မှုများကို ပိတ်ပင်တားဆီးရေးအတွက်ကိုလည်း အီးယူအနေဖြင့် တိုက်တွန်းလျက် ရှိကြောင်း ၎င်းက ပြောသွားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က အာဏာသိမ်းစစ်တပ်သည် ကယားပြည်နယ် ကျေးရွာတစ်ခုတွင် ကလေးများနှင့် အမျိုးသမီးများအပါအဝင် လူ ၃၀ ကျော်ကို သတ်ဖြတ်မီးရှို့ခဲ့ကြောင်း လူသားချင်းစာနာမှု အေဂျင်စီများက ပြောသည်။

"မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အရှိန်မြင့်တက်လာနေတာကြောင့် နိုင်ငံတကာရဲ့ တားဆီးကာကွယ်ရေး လုပ်ဆောင်မှုတွေကို တိုးမြင့်လုပ်ဆောင်ဖို့ လိုပါတယ်၊ လက်နက်ရောင်းချတင်ပို့မှုအပေါ် ပိတ်ပင်မှု အပါအဝင်ပေါ့" ဟု အီးယူ၏ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ဂျိုးဆက်ပ် ဘောရဲလ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

"အီးယူအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အသင့်ရှိနေပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အီးယူသည် မြန်မာအာဏာသိမ်းစစ်တပ်၊ ယင်း၏ ခေါင်းဆောင်များနှင့် ယင်းနှင့်ပတ်သက်သည့် လုပ်ငန်းအဖွဲ့အစည်းများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ အစိုးရအတွက် အီးယူ၏ ဘဏ္ဍာရေး အကူအညီပေးမှုကိုလည်း ရပ်တန့်ထားသလို စစ်ကောင်စီကို တရားဝင်ဖြစ်စေမည်ဟု ရှုမြင်သွားနိုင်မည့် အကူအညီများကိုလည်း ပိတ်ဆို့ရပ်တန့်ထားသည်။

"ကယားပြည်နယ်မှာ ဒီဇင်ဘာ ၂၄ ရက်က လူသားချင်းစာနာမှုအကူအညီပေးရေးဝန်ထမ်းတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေအပါအဝင် လူ ၃၅ ယောက်ကို သတ်ဖြတ်မီးရှို့ခဲ့တဲ့ မြန်မာအာဏာသိမ်းစစ်တပ် ကျူးလွန်တဲ့ ဒီဆိုးရွားလှတဲ့ ဒီအကြမ်းဖက်မှုလုပ်ရပ်အရ ဒီလို ကျူးလွန်မှုအတွက် တာဝန်ရှိသူတွေ တာဝန်ခံရစေအောင် လုပ်ဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုတာကို ပြသနေပါတယ်" ဟု ဘောရဲလ်က ပြောသွားခဲ့သည်။

ပြီးခဲ့သည့်အပတ် ကယားပြည်နယ်ရှိ တိုက်ခိုက်မှုအတွင်း မိမိတို့၏ ဝန်ထမ်းနှစ်ဦးလည်း အသတ်ခံခဲ့ရကြောင်း Save the Children အဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required