ကယားပြည်နယ် လူအစုလိုက် အသတ်ခံရမှု ကုလလုံခြုံရေးကောင်စီ ရှုတ်ချ

ကယားပြည်နယ် လူအစုလိုက် အသတ်ခံရမှု ကုလလုံခြုံရေးကောင်စီ ရှုတ်ချ

ဒီဇင်ဘာ ၃၀

မြန်မာနိုင်ငံ ကယားပြည်နယ်ထဲတွင် ဒီဇင်ဘာ ၂၄ ရက်က ကလေးငယ် လေးဦးနှင့် လူသားချင်းစာနာမှုအကူအညီပေးရေးဝန်ထမ်းနှစ်ဦး တို့ အပါအဝင် လူ ၃၅ ဦးထက်မနည်း သတ်ဖြတ်မီးရှို့ခံရမှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာ၂၉ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။

ထို ဖြစ်စဉ်အတွက် တာဝန်ခံမှု ရှိစေရေး လုပ်ဆောင်ရန်နှင့် "အကြမ်းဖက်မှုအားလုံး ချက်ချင်း ရပ်ဆိုင်းရေး" ကို သံအမတ်များက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

ထို့ပြင် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် အရပ်သားပြည်သူများ၏ ဘေးကင်းလုံခြုံမှု ရှိစေရေး သေချာစေရန် အရေးကြီးကြောင်းကို ကောင်စီအဖွဲ့ဝင်များက အလေးပေး ပြောခဲ့ကြသည်။

အကူအညီ လိုအပ်နေသူအားလုံးထံ လူသားချင်းစာနာမှု အကူအညီများ ဘေးကင်းလုံခြုံစွာနှင့် အဟန့်အတားမဲ့ ရောက်ရှိစေရန် လိုအပ်ကြောင်းနှင့် လူသားချင်းစာနာမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုအတွက် အပြည့်အဝ ကာကွယ်ပေးရန် လိုအပ်ကြောင်း ၎င်းတို့က အလေးပေး ပြောခဲ့ကြသည်ဟု UN News အရ သိရသည်။

ထို့ပြင် သံအမတ်ကြီးများက မြန်မာပြည်သူများအပေါ် ၎င်းတို့၏ ထောက်ခံမှုကို ထပ်လောင်း အတည်ပြုခဲ့ကြပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ထောက်ခံကြောင်း ထုတ်ဖော်ခဲ့ကြသည် ဟု သိရသည်။

ကယားပြည်နယ် ဖြစ်စဉ်တွင် အသက် ၁၇ နှစ်အရွယ် ယောကျ်ားလေးနှစ်ဦး၊ ဆယ်ကျော်သက် မိန်းကလေးတစ်ဦး နှင့် အသက် ငါးနှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး တို့အပါအဝင် ကလေးလေးဦးလည်း အသတ်ခံခဲ့ရသည်ဟု ခိုင်လုံသော သတင်းများတွင် ဖော်ပြထားကြောင်း ကုလ လုံခြုံရေးကောင်စီက ထုတ်ပြန်ပြောဆိုသည်။

ယခုသီတင်းပတ်အစောပိုင်းကလည်း အဆိုပါ ကယားပြည်နယ် ဖြစ်စဉ်အပေါ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ကလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး လူအများအပြားက ခရစ္စမတ်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေခဲ့ကြချိန် အဆိုပါ သတ်ဖြတ်မီးရှို့မှု ဖြစ်စဉ် သတင်းကြောင့် "ထိတ်လန့် တုန်လှုပ်၊ ဝမ်းနည်းကြေကွဲ" ရကြောင်း ယင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required