ရန်ကုန်မြို့၌ ၅ ရက်အတွင်း ပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့၌ ၅ ရက်အတွင်း ပေါက်ကွဲမှု ၈ ကြိမ်ဖြစ်ပွား

ဒီဇင်ဘာလ ၂၉ ရက်

ရန်ကုန်မြို့၌ ဒီဇင်ဘာ ၂၅ ရက်မှ ယနေ့ ၂၉ ရက်နေ့အထိ ငါးရက်အတွင်း ပေါက်ကွဲမှု ရှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

အဆိုပါ ပေါက်ကွဲမှုများသည် စစ်ကောင်စီတပ်များအပေါ် စစ်ရေးအရ တိုက်ခိုက်နေသည့် “ပျံလွှားအောင်” စစ်ဆင်ရေး အနေဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့တွင် မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ (၉၁) ဂိတ်၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ တရားရုံးအနီး၊ ဂွဈေးအနီး အပြင် မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည် လမ်းမကြီးပေါ်ရှိ ရေကြည်အိုင် စစ်ကြောရေး စခန်းနှင့် လှော်ကားပင်မ ဓာတ်အားခွဲရုံအနီးသို့ ရောက်ရှိလာသည့် စစ်ကောင်စီ ယာဉ်တန်း တို့ကို ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာ အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ဒဂုံဆိပ်ကမ်း ရဲစခန်း တို့ကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား လေးဦး သေဆုံးပြီး အချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တောင်ဒဂုံမြို့နယ် မြိတ်လမ်းနှင့် ဧရာဝဏ်လမ်းဆုံ အနီး ကင်းလှည့်နေသည့် စစ်ကောင်စီ ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း လှိုင်မြို့နယ်၊ ဘူတာရုံလမ်းနှင့် အောက်ဗဟိုလမ်းကြားတွင် ညပိုင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်များကို ပဒေသာမိုင်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ ကင်းလှည့်ဆိုင်ကယ် တစ်စီး ပျက်စီးခဲ့ပြီး စစ်သားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း  ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက် မနက်ပိုင်းတွင် အင်းစိန်မြို့နယ် ရွာမရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့်  တိုက်ခိုက်ခဲ့ကြောင်း ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမပေါ် အခွန်ရုံးရှေ့ရှိ စစ်ကောင်စီတပ်များကို လက်လုပ်မိုင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အသုံးပြုနေသည့် ယာဉ်တစ်စီး ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့ နံနက် ကျောက်တံတားမြို့နယ်တွင် ဖြစ်ခဲ့သည့် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မျက်မြင် တွေ့သူ တစ်ဦးက "မနက်က ဘဏ် (၂) မှာရောက်နေတာ ထွက်ထွက်ခြင်းပဲ ရှိသေးတယ် ဘဏ် (၁) အရှေ့မှာ ထပေါက်တာ" ဟု မဇ္ဈိမကို ပြောသည်။ 

လက်ရှိတွင် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ “ပျံလွှားအောင် စစ်ဆင်ရေး” ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ရန်ကုန်မြို့ အနှံ့အပြားတွင် နေ့စဉ်နီးပါး ပေါက်ကွဲမှုများ ဖြစ်ပွားလျက်ရှိသည်။ 

"ရန်ကုန်မြို့ တစ်မြို့လုံး မည်သည့် နေရာတွင်မဆို စစ်ရေးအရ တိုက်ခိုက်သွားမည်" ဟု ပျံလွှားအောင် စစ်ဆင်ရေးတွင် ပါဝင်သည့် CGF-HTY အဖွဲ့က ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly