မြောက်ဥက္ကလာ ကန်သာယာ ပန်းခြံထဲတွင် ကော်ရှုပြီး ငွေလိုက်တောင်းသည့် ကလေးငယ် အလွန်များပြားနေ

မြောက်ဥက္ကလာ ကန်သာယာ ပန်းခြံထဲတွင် ကော်ရှုပြီး ငွေလိုက်တောင်းသည့် ကလေးငယ် အလွန်များပြားနေ

ဒီဇင်ဘာလ ၂၉ ရက်

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ ကန်သာယာ ပန်းခြံထဲတွင် အရွယ်မရောက်သေးသည့် ကလေးငယ်များ ကော်ရှုပြီး ပန်းခြံအတွင်း လာရောက် လည်ပတ်သည့်သူများထံမှ ငွေကြေးတောင်းခြင်း၊ ပစ္စည်း လုယက်ခြင်းများ ရှိနေသည်ဟု သိရသည်။

''ကလေးတွေက အရမ်းဆိုးတာတော့ ဟုတ်တယ်။ ကျွန်တော်တို့ကလည်း လုံခြုံရေး ဆိုပေမယ့် ဆိုင်ခန်းတွေနဲ့ပဲ သက်ဆိုင်တယ်။ သူတို့ကျတော့ စည်ပင်နဲ့ ပတ်သက်တာပေါ့။ စည်ပင်က သူတွေကလည်း တစ်ယောက်မှ လာမကြည့်ကြဘူးလေ။ အခုဆို ကော်ရှုတယ်၊ မိန်းကလေးတွေ ဆေးလိပ်သောက်ကြတယ်၊ အသက် ၁၃ နှစ်လောက်ပဲရှိတာ၊ လစ်ရင် အိတ်တွေလုကြတယ်၊ မိတော့လည်း အရိုက်ခံတယ်။ လူတွေကို ဂရုကို မစိုက်တော့တာ။ သူတို့ကိုဘာမှ မလုပ်မှန်း သိနေတော့'' ဟု လုံခြုံရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ ကလေးငယ်များသည် ကန်သာယာပန်းခြံနှင့် အနီးအနားတွင်ရှိသည့် ငမိုးရိပ် ကြိုးတံတားအနီး ကျူးကျော်များမှ လာရောက်ရှာဖွေ စားသောက် နေကြခြင်း ဖြစ်သည်ဟုလည်း သိရသည်။

''ကန်သာယာ ပန်းခြံက အကျယ်ကြီး၊ အခုတော့ စည်ပင်က ပိုင်သလိုလို၊ ကုမ္ပဏီတွေက ပိုင်သလိုလို ဖြစ်နေတာ။ ကျွန်မတို့က ညနေဘက်ဆိုရင် အေးအေးဆေးဆေး ပန်းခြံထဲမှာ လာထိုင်ကြတာ။ ဒီကလေးတွေက အရမ်းဆိုးတာ၊ လက်ထဲမှာ ကော်ဘူးကို ကိုင်ပြီးတော့ ရှုနေတာ၊ ပြီးတော့ ခပ်တည်တည်ပဲ ပိုက်ဆံတောင်းတယ်၊ သက်ဆိုင်ရာကလည်း ဘယ်သူမှ လာမကြည့်ကြဘူး။ ပြီးတော့ ဒါက အများပိုင် ပန်းခြံကို အရင်အစိုးရ လက်ထက် ဦးသိန်းစိန် ဆင်းခါနီးမှာ အဆောက်အဦး မပြီးသေးပဲ အတင်းဖွင့်ပွဲ လုပ်ဖွင့်သွားခဲ့တာ'' ဟု ပန်းခြံသို့ လာလည်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကန်သာယာ ပန်းခြံသည် အများပြည်သူ အခမဲ့ လာရောက် အပန်းဖြေနိုင်သည့် နေရာတစ်ခုအဖြစ် ရှိနေရာက ၂၀၁၄ ခုနှစ် ဝန်းကျင်တွင် ဈေးဝယ် ကုန်တိုက်ကြီးအဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့သဖြင့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က အများပြည်သူ ပန်းခြံအဖြစ် ပြန်လည်ရရှိရေး ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required