ကရင်နီပြည်နယ်တွင် လူ ၃၅ဦးအား သတ်ဖြတ်မှုအတွက် စစ်တပ်ကို အမေရိကန် ရှုတ်ချ

ကရင်နီပြည်နယ်တွင် လူ ၃၅ဦးအား သတ်ဖြတ်မှုအတွက် စစ်တပ်ကို အမေရိကန် ရှုတ်ချ

ဒီဇင်ဘာ ၂၉

အမျိုးသမီး၊ ကလေးငယ်များနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ Save the Children မှ ဝန်ထမ်းနှစ်ဦးတို့အပါအဝင် လူပေါင်း ၃၅ ဦး သတ်ဖြတ်ခံရသည့် ကယားပြည်နယ်အတွင်း ဒီဇင်ဘာ ၂၄ ရက်က မြန်မာစစ်တပ် ကျူးလွန်သော တိုက်ခိုက်မှုများအတွက် အမေရိကန်နိုင်ငံက ရှုတ်ချကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ကယားနှင့် ကရင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံ နယ်မြေဒေသ တော်တော်များများ၌ စစ်တပ်အုပ်ချုပ်သူများ၏ လူမဆန်မှုများအတွက် စိုးရိမ်မိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အပြစ်မဲ့ ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီပေးသူများကို ပစ်မှတ်ထားခြင်းကို လက်သင့်ခံစရာ မရှိကြောင်း၊ မြန်မာပြည်သူများကို စစ်တပ်၏ ကျယ်ကျယ်ပြန့်ပြန် ရက်စက်ကြမ်းကြုတ်မှုများသည် ၎င်းတို့အား တာဝန်ခံမှုရှိစေရန် အဆောတလျင် လိုအပ်နေသည်ကို မီးမောင်းထိုးပြလျက်ရှိကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ 

"မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံ မဖြစ်ပွားစေရေးကို တားဆီးရမည်" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

စစ်တပ်အား လက်နက်နှင့် အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံး နည်းပညာများ ရောင်းချခြင်းကို အဆုံးသတ်ရေးကိုလည်း ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်စမှကစာ အမေရိကန်နိုင်ငံသည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဘဏ္ဍာရေး အကျိုးစီးပွားများကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီး နိုင်ငံတကာ ဘဏ္ဍာရေးစနစ်မှ ၎င်းတို့ကို ပိတ်ဆို့ထားခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား ထောက်ပံ့ခြင်း အပါအဝင် တာဝန်ခံမှုအတွက် မိတ်ဖက်များ၊ မဟာမိတ်များနှင့် ဆက်လက်လက်တွဲလုပ်ဆောင်သွားမည်ဟုလည်း အမေရိကန်နိုင်ငံက ပြောသည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ဆက်လက်ဖိအားပေးသွားမည်ဟုလည်း ဆိုသည်။ 

မြန်မာအုပ်ချုပ်သူများအနေဖြင့် လူသားချင်း စာနာထောက်ထားရေး အလုပ်သမားများ၏ ဘေးကင်းလုံခြုံမှုကို အာမခံရန်နှင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးအပ်ရန် အတားအဆီးမဲ့ ခွင့်ပြုရေးကိုလည်း မိမိတို့ တိုက်တွန်းကြောင်း ယခု ထုတ်ပြန်ချက်၌ ထပ်လောင်းဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly