စစ်ကောင်စီကို တိုက်ခိုက်ရန် အသင့်ဖြစ်နေဟု Black Wolf PDF ကြေညာ

စစ်ကောင်စီကို တိုက်ခိုက်ရန် အသင့်ဖြစ်နေဟု Black Wolf PDF ကြေညာ

ဒီဇင်ဘာလ ၂၈ ရက်

စစ်ကိုင်းတိုင်း အတွင်းရှိ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် Black Wolf PDF က အကြမ်းဖက် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

Black Wolf PDF သည် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ ဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရန်အတွက် လက်လုပ်မိုင်းနှင့် တစ်လုံးထိုးများ ထုတ်လုပ်ထားသလို အရာတော်မြို့နယ်နှင့် ဝက်လက်ကြား ဖြစ်ပွားသည့် တိုက်ပွဲများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေသည့် ဒေသကာကွယ်ရေး တပ်ဖွဲ့ ဖြစ်သည်။ 

“Black Wolf PDF ကို ဖွဲ့စည်းထားတာက ကြာပြီ။ တိုက်ပွဲအတွက် အသင့်ပြင်နေတဲ့ ကာလမှာ လက်လုပ်မိုင်း တစ်မျိုးဖြစ်တဲ့ ရှေ့ထွက်မိုင်း တစ်မျိုးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ တစ်လုံးထိုးများလည်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဓိက ပြင်ဆင်ခဲ့တာကတော့ တိုက်ပွဲဝင်ဖို့ လေ့ကျင့်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။ အခုတော့ တိုက်ပွဲအတွက် အသင့်ဖြစ်နေပါပြီ” ဟု ယင်းအဖွဲ့ တာဝန်ရှိသူ နတ်ဆိုးက မဇ္ဈိမကို ပြောသည်။

လက်ရှိ Black Wolf PDF သည် မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကိုင်းတိုင်း အတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့များကို တွန်းလှန်တိုက်ခိုက်နေပြီ ဖြစ်သည်။

“အခြေခံ စစ်သင်တန်း အပတ်စဉ် (၃) အထိ သင်တန်းပေးထားပြီးပြီ ဖြစ်ပြီးတော့ မကြာခင်မှာ စစ်ရေး မစ်ရှင်တွေ စတင်တော့မှာပါ။ တခြား ဒေသကာကွယ်ရေး အဖွဲ့တွေနဲ့ မဟာမိတ်တွေ ဖွဲ့ထားပြီးပါပြီ။ အားတင်းပေးထားကြပါ၊ မကြာခင် Black Wolf PDF အဖွဲ့သားတွေ ပြည်သူတွေ ရှေ့ကနေ မားမားမတ်မတ်ရပ်တည် ကာကွယ်ပေးသွားပါမယ်လို့ ပြည်သူတွေကို ပြောချင်တယ်” ဟု Black Wolf PDF တာဝန်ရှိသူက ဆိုသည်။

စစ်အာဏာရှင် ပြုတ်ကျသည့် အချိန်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကာ လိုအပ်ချက်များ ရှိသည့်အတွက် ပြည်သူများ ပူးပေါင်း ပါဝင်ပေးကြရန်လည်း Black Wolf PDF က မေတ္တာရပ်ခံထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် စစ်ကိုင်းတိုင်း အတွင်းရှိ ကလေး၊ ဒီပဲယင်း၊ တန့်ဆည်၊ ပုလဲ၊ အရာတော်နှင့် ဝက်လက်မြို့နယ်များကို စစ်အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly