အကြမ်းဖက်သမားများကို တရားစွဲရန် ပါကစ္စတန် ပျက်ကွက်ခဲ့ဟု အမေရိကန်အစီရင်ခံစာတွင် ဖော်ပြ

အကြမ်းဖက်သမားများကို တရားစွဲရန် ပါကစ္စတန် ပျက်ကွက်ခဲ့ဟု အမေရိကန်အစီရင်ခံစာတွင် ဖော်ပြ

ပါကစ္စတန်သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးပိုင်းတွင် လုံလောက်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် ပျက်ကွက်ထားခဲ့ကြောင်း အမေရိကန် အစီရင်ခံစာသစ်တစ်ရပ်တွင် ဖော်ပြထားသည်။ ဂျိုင့်ရှ်-အီ-မိုဟာမက် (JEM) တည်ထောင်သူ မာဆွတ်ဒ် အဇာ နှင့် လက်ရှ်ကာ-အီ-တိုင်ဘာ (LeT) ၏ ဆာဂျစ်ဒ် မီအာ ကဲ့သို့ ၂၀၀၈ မွမ်ဘိုင်း တိုက်ခိုက်မှုများ၏ ကြိုးကိုင်သူများအပါအဝင် အကြမ်းဖက်သမားများကို တရားစွဲဆိုရန် ပါကစ္စတန်တို့ ပျက်ကွက်ခဲ့သည်ဟု ထို အစီရင်ခံစာတွင် ဖော်ပြသည်။

"ပါကစ္စတန်ဟာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ယင်းရဲ့ ၂၀၁၅ အမျိုးသား အက်ရှင်ပလန်ရဲ့ အခက်ခဲဆုံး အပိုင်းတွေနဲ့ပတ်သက်လို့ တိုးတက်မှု အနည်းအကျဥ်းမျှပဲ လုပ်ထားခဲ့ပါတယ်၊ အထူးသဖြင့် နှောင့်နှေးတုံ့ဆိုင်းမှု မရှိဘဲ၊ ခွဲခြားဆက်ဆံမှု မရှိဘဲ အကြမ်းဖက်အဖွဲ့အားလုံးကို ဖြိုဖျက်မယ်ဆိုတဲ့ ယင်းရဲ့ ကတိကဝတ် အပါအဝင်ပေါ့" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၀ အကြမ်းဖက်မှုဆိုင်ရာ ယင်း၏ နိုင်ငံအစီရင်ခံစာတွင် ပြောသည်။

ဖေဖေါ်ဝါရီလနှင့် နောက်တစ်ကြိမ် နိုဝင်ဘာလတို့တွင် လာဟိုးမြို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးတစ်ခုက LeT တည်ထောင်သူ ဟာဖစ်ဇ် ဆာအိဒ်ကို အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု စွဲချက်အသီးသီးဖြင့် မည်ကဲ့သို့ စွဲချက်တင်ပြီး ထောင်ဒဏ် ငါးနှစ်နှင့် ခြောက်လ ချမှတ်ခဲ့သည် ဆိုသည်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

"ဒါပေမယ့် ၂၀၀၈ မွမ်ဘိုင်းတိုက်ခိုက်မှုတွေရဲ့ ကြိုးကိုင်သူတွေဖြစ်တဲ့ JEM တည်ထောင်သူ မာဆွတ်ဒ် အဇာ နဲ့ LeT ရဲ့ ဆာဂျစ်ဒ် မီအာ တို့လို ပါကစ္စတန်မှာ အခြေချနေထိုင်တဲ့ အခြား အကြမ်းဖက်သမားတွေကို တရားစွဲဆိုဖို့ ပြည်တွင်း လုပ်ပိုင်ခွင့်အောက်မှာ လုပ်ဆောင်မှုတွေ ပါကစ္စတန်တို့ လုပ်ထားခဲ့တာမျိုး မရှိပါဘူး" ဟု အစီရင်ခံစာက ဆိုသည်။

အေဂျင်စီများအကြား ထောက်လှမ်းရေးနှင့် သတင်းအချက်အလက် ဝေမျှမှုပိုင်း ကွာဟမှုများ ဆက်ရှိနေသော်ငြား အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအေဂျင်စီများသည် အကြမ်းဖက်မှု ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရာတွင် ထိထိရောက်ရောက်လုပ်ထားနိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

"အိန္ဒိယ အေဂျင်စီပေါင်းစုံ စင်တာ (အမ်အေစီ) ဟာ အကြမ်းဖက်သမား စုံစမ်းစစ်ဆေးမှု သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့အကြား ဖလှယ်မျှဝေရင်း ပူးပေါင်းလုပ်ဆောင်ပါတယ်၊ အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာ မရှိတဲ့အချိန်မှာ အမ်အေစီဟာ ဖက်ဒရယ်နဲ့ ပြည်နယ် လုံခြုံရေး အေဂျင်စီတွေအကြား အချိန်နဲ့ တပြေးညီ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို စုစည်းဝေမျှမှုကို လုပ်ဆောင်ပါတယ်" ဟု အစီရင်ခံစာက ဖော်ပြသည်။

အစီရင်ခံစာအရ အိန္ဒိယသည် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၀၃၉ ကို အကောင်အထည်ဖော်ရာတွင် အမေရိကန်နှင့် ပူးပေါင်းလုပ်ဆောင်သလို လေဆိပ်တည်နေရာများတွင် ကုန်စည်စစ်ဆေးမှုဆိုင်ရာ ကွန်ပြူတာမျက်နှာပြင်နှစ်ခု အိတ်စ်ရေးစက် စစ်ဆေးမှုလုပ်ဆောင်ချက်ကို လိုက်နာလုပ်ဆောင်နေသည်ဟု ဖော်ပြသည်။

"သိရသရွေ့ နိုဝင်ဘာလအထိ ISIS နဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ အိန္ဒိယဇာတိ တိုက်ခိုက်ရေးသမား ၆၆ ယောက် ရှိခဲ့ပါတယ်၊ ဘယ် နိုင်ငံခြားအကြမ်းဖက်တိုက်ခိုက်ရေးသမားကမှ ၂၀၂၀ အတွင်း အိန္ဒိယကို ပြန်လည် ရောက်ရှိထားခြင်း မရှိပါဘူး" ဟု ယင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly