စာအုပ်ရောင်းချသူ ၅ ဦးပျောက်ဆုံးမှုကြောင့် ဟောင်ကောင်တစ်ခွင်တွင် တုန်လှုပ်ခြောက်ချားလျှက်ရှိ

စာအုပ်ရောင်းချသူ ၅ ဦးပျောက်ဆုံးမှုကြောင့် ဟောင်ကောင်တစ်ခွင်တွင် တုန်လှုပ်ခြောက်ချားလျှက်ရှိ

ဟောင်ကောင်၊ ဇန်နဝါရီ - ၇ ။          ။ စာအုပ်ရောင်းချသူ ၅ ဦး ပျောက်ဆုံးသွားမှုကြောင့် ဟောင်ကောင်တစ်ခွင်တွင် တုန်လှုပ်ခြောက်ချားလျှက်ရှိပြီး၊ တရုတ်၏ ထိန်းချုပ်မှု တင်းကျပ်လာမှု အပေါ်တွင်လည်း စိုးရိမ်မှု ကြီးထွားလာနေလျှက်ရှိသည်။

စာအုပ်ဆိုင်များမှာ ၎င်းတို့၏ စာအုပ်စင်များမှ နိုင်ငံရေးစာအုပ်များကို ဖယ်ရှားနေကြပြီး တရုတ်ပြည်မကြီးတွင် ပိတ်ပင်ထားသည့် စာအုပ်များကို ရောင်းချနေကြသည့် ထုတ်ဝေသူများနှင့် ဆိုင်ပိုင်ရှင်များမှာ လည်းယခုအခါ ခြိမ်းခြောက်ခံနေရသည့် အနေအထားကို ခံစားမိလာပြီဖြစ်ကြောင်း ပြောကြားလာကြသည်။

ပျောက်ဆုံးနေသူ ၅ယောက်စလုံးမှာ တရုတ်အစိုရကို ဝေဖန်သည့်စာအုပ်များ ထုတ်ဝေမှုဖြင့် လူသိများသည့် Mighty Current စာအုပ်တိုက်အတွက် အလုပ်လုပ်ပေးနေသူများဖြစ်ပြီး၊ ပြည်မကြီးအာဏာပိုင် များက ဖမ်းဆီးထိန်းသိမ်းထားမည်ကို စိုးရိမ်နေကြရသည်။

ယခုပျောက်ဆုံးမှုမှာ လူထုကို အကြီးအကျယ် ဒေါသူပုန်ထစေခဲ့သည့် လတ်တလောအကျဆုံး ဖြစ်ရပ်ပင် ဖြစ်သည်။ ဟောင်ကောင်တွင် နောက်ဆုံးအကြိမ်မြင်ခဲ့ရသည့် ထုတ်ဝေသူ လီဘို (၆၅နှစ်)မှာ ၅ယောက်ထဲတွင် နေရင်းမြို့တွင် နေထိုင်နေစဉ် ပျောက်ဆုံးသွားခဲ့ပုံရသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ပင် ဖြစ်သည်။

‘တကယ့်ပြဿနာက သူတို့ကို ဟောင်ကောင်ကိုလာပြီး လူတွေကို ဖမ်းသွားသလားဆိုတာပါပဲ။ အရင်တုန်းက ဒါမျိုးမဖြစ်ဖူးပါဘူး’ဟု ပြည်မကြီးဖွား ဟောင်ကောင်အခြေစိုက် ပိတ်ပင်ထားသော စာအုပ်များကို ထုတ်ဝေသူ ကျင် ကျုန်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

‘ဒါက ထုံးစံတစ်ခုလိုဖြစ်လာပြီး လူတွေကို ဒီနေရာကနေ အချိန်မရွေး ဖမ်းခေါ်သွားနိုင်တယ်ဆိုရင် ဒါဟာ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ်ပါပဲ’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ အခြား ၄ယောက်မှာမူ တရုတ်နိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်နေစဉ်တွင် ပျောက်ဆုံးသွားသည်ဟု ယူဆရသည်။

‘လွတ်လပ်တဲ့ လူ့ဘောင်တစ်ရပ်အနေနဲ့ ဟောင်ကောင်က မတူခြားနားတဲ့ အတွေးအမြင်တွေအတွက် ကျနော်တို့ဟာ ပွင့်လင်းတဲ့ ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးနေတာပါ’’ဟု ပြည်မကြီးတွင် ပိတ်ပင်ထားသည့် စာအုပ်များကို ရောင်းချနေသူ People’s Recreation Community စာအုပ်ဆိုင်ပိုင်ရှင် ပေါ တန်းက ပြောကြားခဲ့သည်။

တန်းက ပျောက်ဆုံးမှုများကို နိုင်ငံရေးအကြမ်းဖက်မှုများဖြစ်သည်ဟု ဖော်ပြခဲ့ပြီး ဘယ်လောက်အထိ ဆက်ဖြစ်နေဦးမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးဟုလည်း ထပ်လောင်းပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly