သရုပ်ဆောင် ပိုင်တံခွန် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ

သရုပ်ဆောင် ပိုင်တံခွန် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ

ဒီဇင်ဘာလ ၂၇ ရက်

အာဏာသိမ်းစစ်တပ်က သရုပ်ဆောင် ပိုင်တံခွန်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။

ယနေ့ ဒီဇင်ဘာ ၂၇ ရက်က အင်းစိန် အထူးတရားရုံးတွင် နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ (၅၀၅) (က) ဖြင့် အမိန့်ချခံရခြင်း ဖြစ်သည်။

" ဒီနေ့ အမိန့်ချလိုက်တယ်။ ရှေ့နေတွေလည်း မပါဘူး။ ဒီနေ့က တရားလိုပြ တစ်ယောက်ကို စစ်ရမှာ။ သူကမလာဖြစ်ဘူး" ဟု ၎င်းရှေ့နေကဆိုသည်။

တရားလိုပြသက်သေ မလာသဖြင့် ပိုင်တံခွန်အား စစ်ဆေးရာ ဆန္ဒပြပွဲများတွင် ပါဝင်ကြောင်း ဝန်ခံသည်ဟု ဆိုကာ အမိန့်ချလိုက်ခြင်း ဖြစ်သည်ဟု အဆိုပါ ရှေ့နေက ပြောသည်။

"ဒီလိုတရားခွင်မျိုးကို ကျွန်တော့် တစ်rသက်တစ်ခါမှ မတွေ့ဖူးသေးဘူး။ ဝန်ခံလို့ဆိုပြီး အမိန့်တန်းချလိုက်တာ။ အမှန်က တရားလိုပြသက်သေတွေ စစ်ရမယ်။ ပြီးရင် တရားခံပြ သက်သေတွေ စစ်ရမယ်။ လျှောက်လဲချက် ပေးရမယ်။ အခုက အဲ့ဒီအဆင့်တွေကို မရောက်ခဲ့ဘူး" ဟု အဆိုပါ တရားလွှတ်တော်ရှေ့နေက ပြောသည်။

ပြစ်ဒဏ်ကျခံရာတွင် အင်းစိန်ထောင်တွင်း အချုပ်ဖြင့် နေရသည့် ရက်များကိုပါ ထည့်သွင်းရမည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

ပိုင်တံခွန် သည် ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသဖြင့် တိမ်းရှောင်နေစဉ် နေမကောင်းသဖြင့် အိမ်သို့ပြန်လာရာက ဧပြီလတွင် ဖမ်းဆီးခံခဲ့ရသည်။ ပိုင်တံခွန်ကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင်၏ တိုက် (၂)၊ အခန်း (၆) တွင် ထားရှိသည်။

TC Calander ၏ ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် (၁၀) နေရာတွင် ရပ်တည်ခဲ့သည့် သရုပ်ဆောင်ပိုင်တံခွန်မှာ ဒေသတွင်း နိုင်ငံများတွင်လည်း ပရိတ်သတ် အခိုင်အမာရရှိထားသူ တစ်ဦး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required