ဒီအာရ်ကွန်ဂိုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅ ဦးထက်မနည်း သေဆုံး

ဒီအာရ်ကွန်ဂိုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅ ဦးထက်မနည်း သေဆုံး
Photo - AFP

ဒီဇင်ဘာလ ၂၆ ရက်

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း ဘန်နီမြို့ ညပိုင်းလူစည်းကားရာ အရက်ဘားတစ်ခုမှာ ဒီဇင်ဘာ ၂၅ ရက်က အသေခံဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူငါးဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဖြစ်စဥ်ဟာ ဒေသမှာ လူအသေအပျောက်အများဆုံးဖြစ်စေတဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအနက် တစ်ခုဖြစ်တဲ့ မဟာမိတ် ဒီမိုကရက်တစ် တပ်ဖွဲ့ (ADF) တပ်ဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြစ်တင်ပါတယ်။

အဆိုပါ ADF အဖွဲ့ဟာ မိမိတို့ရဲ့ ဗဟိုအာဖရိက အဖွဲ့ခွဲတစ်ခုဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့က ပြောဆိုထားပါတယ်။

"အသေခံဖောက်ခွဲရေးသမားဟာ လူပြည့်သိပ်နေတဲ့ ဘားဆိုင်ထဲ ဝင်ဖို့ လုပ်ခဲ့ပေမယ့် လုံခြုံရေးက တားမြစ်ခဲ့ချိန်မှာပဲ အဝင်ဝမှာ ဗုံးကို ဖောက်ခွဲပစ်ခဲ့တာဖြစ်ပါတယ်" လို့ မြောက်ပိုင်း ကီဗူခရိုင်ကို စီမံခန့်ခွဲနေတဲ့ စစ်ဘက်အရာရှိတွေရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ယင်း အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အခြား လူ ၁၃ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီး ဆေးရုံတွေကို ပို့ဆောင်ထားရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာ အရေးပေါ်အခြေအနေ ကြေညာထားစဥ်အတွင်း ဘန်နီမြို့ကို စီမံခန့်ခွဲနေတဲ့ ဗိုလ်မှူးကြီး နာဆစ်စီ မူတီဘာက ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒေသခံတွေ လုံခြုံရေးအတွက် မိမိတို့ အိမ်တွေကို ပြန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

In Box အမည်ရ စားသောက်ဆိုင်ထဲမှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် အလောင်းသုံးလောင်းကို တွေ့ခဲ့ရတယ်လို့ အေအက်ဖ်ပီ သတင်းထောက်တစ်ဦး က ပြောပါတယ်။

တချိန်တည်းမှာလည်းပဲ သေဆုံးသူတွေထဲမှာ ကလေးနှစ်ဦးနဲ့ ဒေသအရာရှိနှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ မြို့တော်ခန်းမ သတင်းရင်းမြစ်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

အခင်းဖြစ်ချိန်က လူ ၃၀ ကျော်လောက်ဟာ ခရစ်မတ်ပွဲ ဆင်နွှဲနေချိန် ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required