တောင်အာဖရိက ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒက်စမွန် တူးတူး ကွယ်လွန်

တောင်အာဖရိက ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒက်စမွန် တူးတူး ကွယ်လွန်
Photo - AFP

ဒီဇင်ဘာလ ၂၆ ရက်

တောင်အာဖရိကနိုင်ငံမှာ အသားအရောင်ခွဲခြားမှုကို တိုက်ဖျက်ရာမှာ ဦးစီးဦးဆောင်ခဲ့မှုအတွက် ငြိမ်းချမ်းရေး နိုဗယ်လ်ဆု ချီးမြှင်ခံခဲ့ရတဲ့ ခရစ်ယာန်ဂိုဏ်းအုပ်ဟောင်း ဒက်စမွန် တူးတူးဟာ ဒီဇင်ဘာ ၂၆ ရက်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ၎င်းဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ နှစ် ရှိပြီ ဖြစ်ပါတယ်။

ဒက်စမွန် တူးတူးကတော့ အယူဝါဒ ဒါမှမဟုတ် အသားအရောင် ဘာပဲဖြစ်ဖြစ် မှန်ရာကို ပြောဖို့ ဘယ်တုန်းကမှ မကြောက်ရွံ့ခဲ့သလို သူ ချစ်တဲ့ "သက်တံရောင် နိုင်ငံ" မှာ အမှားအမှန်ကို ခွဲခြားသိနိုင်ပြီး လုပ်သင့်တာကို လုပ်နိုင်စွမ်း ရှိခဲ့တဲ့ ပုဂ္ဂိုလ်မျိုးလည်း ဖြစ်ပါတယ်။

မမောနိုင်မပန်းနိုင်တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ၎င်းဟာ နိုင်ငံမှာ လူဖြူလူနည်းစု အုပ်ချုပ်မှုကို တိုက်ဖျက်မှုအတွက် ၁၉၈၄ ခုနှစ်မှာ နိုဗယ်လ်ဆု ရရှိခဲ့ပါတယ်။

"ခရစ်ယာန် ဂိုဏ်းအုပ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဒက်စမွန် တူးတူး ကွယ်လွန်ခဲ့ပါပြီ၊ သူ ကွယ်လွန်မှုက နိုင်ငံအတွက် ပူဆွေးဝမ်းနည်းစရာဖြစ်သလို သမားရိုးကျ အယူအဆတွေကို တော်လှန်စွန့်ပယ်တဲ့ တောင်အာဖရိကနိုင်ငံအဖြစ် ကျွန်တော်တို့ကို ချန်ထားရစ်ခဲ့တဲ့ ထူးချွန်တဲ့ တောင်အာဖရိကနိုင်ငံသားမျိုးဆက်တစ်ဆက်ကို နှုတ်ဆက်လိုက်ရပြီ ဖြစ်ပါတယ်" လို့ လက်ရှိ တောင်အာဖရိကသမ္မတ ဆိုင်ရီ ရာမာဖိုဆာက ထုတ်ပြန်ပြောဆိုပါတယ်။

လူမျိုးရေးဝါဒီ အသားအရောင်ခွဲခြားမှု အစိုးရ ပြုတ်ကျပြီးနောက်ပိုင်းမှာတောင်မှ တူးတူးဟာ တောင်အာဖရိကရဲ့ အားနည်းချက်တွေ ဒါမှမဟုတ် မတရားမှုတွေကို ရင်ဆိုင်ဖို့ ဘယ်တုန်းကမှ ရှောင်လွှဲခဲ့တာမျိုး မရှိခဲ့ပါဘူး။

"ခင်ဗျား နာမည်က သေးငယ်တဲ့ ခြားနားမှုတစ်ခုကို ဖြစ်စေနိုင်တယ်လို့ လူတွေ ထင်တယ် ဆိုရင် ဒါက ကြီးမားတဲ့ ဂုဏ်ယူစရာဖြစ်ပါတယ်" လို့ ၎င်းက ၂၀၁၁ ခုနှစ်က ၎င်းရဲ့အသက် ၈၀ နှစ်ပြည့်မွေးနှစ်မတိုင်မီက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကိစ္စရပ်တွေနဲ့ပတ်သက်လို့ ထောက်ခံကာကွယ်ပြောဆိုတာ၊ ပါလက်စတိုင်း နိုင်ငံထူထောင်ဖို့ ထောက်ခံပြောဆိုတာ၊ တောင်အာဖရိကရဲ့ အာဏာရ အေအင်န်စီ ပါတီကို အကျင့်ပျက်ခြစားမှုနဲ့ ဝေဖန်တာတို့ ရှိခဲ့တဲ့ ၎င်းရဲ့ ထင်ပေါ်ခဲ့တဲ့ လှုပ်ရှားမှုတွေဟာ ရံဖန်ရံခါ သဘောထားမတိုက်ဆိုင်မှုတွေနဲ့ ကြုံခဲ့ပါတယ်။

မန်ဒဲလား သမ္မတ ဖြစ်ခဲ့ချိန်က တောင်အာဖရိကကို သရုပ်ဖော်ဖို့ "သက်တံရောင် နိုင်ငံ" ဆိုတဲ့ အသုံးအနှုန်းကို တူးတူးကပဲ စကားလုံးထွင်ပြီး တွင်ကျယ်စေခဲ့တာဖြစ်ပါတယ်။

ယင်းအချိန်က တူးတူးဟာ ကိတ်ပ်တောင်းမှာ ပထမဆုံး လူမည်း အင်္ဂလီကန် ဂိုဏ်းအုပ်အဖြစ် ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ်မှာ ခရစ်ယာန် သိက္ခာတော်ဘွဲ့ အပ်နှင်းခံရပြီး ၁၉၈၆ မှာ ခရစ်ယာန် ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ တူးတူးဟာ အသားအရောင်ခွဲခြားမှုအပေါ် နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုလုပ်ဖို့ ထောက်ခံပြောဆိုခဲ့သလို ယင်းနောက် ကမ္ဘာတဝန်း အခွင့်အရေးတွေအတွက် လှုပ်ရှားကြိုးပမ်းခဲ့သူဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required